Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ အမေး/အဖြေများ

(ယမန်နေ့မှအဆက်) 

97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ မိသားစုသို့လွှဲငွေများကို တရားဝင် ဘဏ်များမှလွှဲနိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရှိရပါကြောင်း၊ အစည်းအဝေး ပြုလုပ်သည်ကိုလည်း သိရှိရကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကို သိလိုကြောင်း မေးမြန်းသည်။

အာမခံချက်ရှိပြီး လုံခြုံစိတ်ချရသော ငွေလွှဲပြောင်းမှုမျိုးဖြစ်စေရန် ဆောင်ရွက်

ဗိုလ်ချုပ်ဇော်မင်းထွန်းက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်သမားအေဂျင်စီများမှတစ်ဆင့် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင် ကြသူများကို နိုင်ငံခြားသို့မပို့မီ စည်းရုံး၍ တစ်ဦးချင်းဘဏ်အကောင့်များ ဖွင့်ပေးရန် စီစဉ်ထားကြောင်း၊ ပူးပေါင်းဆောင်ရွက်နေသည့် အေဂျင်စီများလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် အာမခံချက်ရှိပြီး လုံခြုံစိတ်ချရသော ငွေလွှဲပြောင်းမှုမျိုးဖြစ်စေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အေဂျင်စီများကလည်း ပူးပေါင်းဆောင်ရွက်ရန် ပြောလိုကြောင်း၊ သွားရောက်အလုပ် လုပ်ကိုင်မည့်အလုပ်သမားများအနေဖြင့် ကန့်သတ်ထားခြင်းမျိုး မရှိကြောင်း၊ ဘဏ်၌မဖြစ်မနေလဲရမည်ဟု မဆိုလိုကြောင်း၊ ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူကို လွှဲပြောင်းပေးခြင်း၊ ဘဏ်ကိုရောင်းချ ခြင်းများရှိကြောင်း၊ ဘဏ်သို့ရောင်းချရာတွင် မကွာသောဈေးနှုန်းဖြင့် ရောင်းချ ပေးရမည်ဆိုသည်မှာ ဘဏ်အလိုက်ရှိကြောင်း၊ ယုံကြည်စိတ်ချနိုင်ကြောင်း၊ အေဂျင်စီများအနေဖြင့် မိမိနိုင်ငံသား များဖြစ်သောကြောင့် အကျိုးဆောင်ပေးကြရန် မိမိအနေဖြင့်တိုက်တွန်းလို ကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော် ဟစ်တိုင်သတင်းစုံ CEO ဦးသက်နိုင်ထွန်းက ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲအပြီးနှင့် ယခု သတင်းစာရှင်းလင်းပွဲကြားတွင် ငွေစက္ကူ အတုပြဿနာနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများဖြစ်ပေါ် နေသည်ကို စုံစမ်းသိရှိရကြောင်း၊ ငွေစက္ကူအတုရောင်းဝယ်ခြင်း ပြုလုပ်သူများကို တိတိကျကျဖော်ထုတ် ဖြိုခွင်းခြင်းမပြုနိုင်ပါက ယင်းငွေစက္ကူအတုများသည် ပြည်သူလူထုကြားသို့ ရောက်ရှိပြီး မရှိဆင်းရဲသားများ၊ တိုင်းရင်းသားဒေသ များရှိ ပြည်သူလူထုများသည် အတုမှန်း အစစ်မှန်းမသိဘဲ Wave Money ဆိုင်၊ မိသားစုအချင်းချင်း ဘဏ်တွင် ငွေသွားလွှဲ ခြင်း၊ ဈေးဆိုင်တွင်ဈေးဝယ်ရန် သုံးစွဲမိသည့်အခါမှ အတုမှန်းသိသဖြင့် အဖမ်းခံရနိုင်ကြောင်း၊ ထို့ကြောင့် ငွေစက္ကူအတု ရောင်းဝယ်ခြင်းကိစ္စများ ပိုမို၍တွင်ကျယ်မှု မရှိလာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အထူးကြပ်မတ်၍ မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငွေစက္ကူ အတုကိစ္စနှင့်ပတ်သက်၍ ယခင်သတင်း စာရှင်းလင်းပွဲများတွင် ပြောပြီးဖြစ်ကြောင်း၊ အများအားဖြင့် လိမ်ညာမှုများ ဖြစ်ပြီး အမှန်တကယ် ၎င်းတို့တွင်ဘာမျှ မရှိကြောင်း၊ အွန်လိုင်းပေါ်မှ ငွေလိမ်ညာ စားခြင်းဖြစ်ကြောင်း၊ ငွေစက္ကူအတုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မည် ဆိုလျှင် စာရင်းဇယားများအရ အွန်လိုင်း ပေါ်တွင် ပျံ့နှံ့နေသည့်နေရာများသည် ခြောက်ခုခန့်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ လိုက်လံ စုံစမ်းသောအချိန်တွင် ငါးခုခန့်သည် အကောင့်အတုများဖြစ်ကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့နှင့်ဆက်သွယ်သောအချိန်တွင် အွန်လိုင်းမှ ငွေမည်မျှလွှဲပေးရန်ပြောပြီး လွှဲပြီးပါက ပြန်လည်ရရှိရန် အကြောင်း မရှိကြောင်း၊ ဗဟိုဘဏ်မှထုတ်သည့် နိုင်ငံတော်လုံခြုံ ရေးဆိုက်အရထုတ်သည့် ငွေစက္ကူကို အတုပြုလုပ်ခြင်းသည် အင်မတန် ခဲယဉ်းသော ကိစ္စဖြစ်ကြောင်း၊ ငွေစက္ကူအတုသည် လုံခြုံရေးအရ သိသာကြောင်း၊ ငွေစက္ကူအတုနှင့်ပတ်သက်ပြီး ပျံ့နှံ့မှုတွင် ဖမ်းဆီးရမိသောအချိန်၌ အထုပ်အထည် ဖြင့်ဖမ်းဆီးရမိမှု မရှိကြောင်း၊ အဓိကအားဖြင့် ရောညှပ်သုံးစွဲခြင်း၊ ဘဏ်အပ်ငွေ အထုပ်များထဲတွင်နှစ်ရွက်၊ သုံးရွက် စသည်ဖြင့်တွေ့နိုင်ကြောင်း၊ ပြည်သူလူထု နစ်နာသည်ကို မိမိတို့တွေ့ရကြောင်း၊ ပြည်သူလူထုအနေဖြင့် အွန်လိုင်းပေါ်တွင် လုပ်နေခြင်းများသည် အစစ်အမှန်မရှိ သည်များသာဖြစ်သည်ကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။

Queen For Peace News Agency မှ အယ်ဒီတာချုပ် ဒေါ်မျိုးပပဖြိုးဝေလွင် က ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီ တိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိ မြို့နယ်အတွင်းရှိ ပြည်သူများမှာ ပင်လယ် ရေလုပ်ငန်းနှင့် ဥယျာဉ်တောင်ယာ လုပ်ငန်းများလုပ်ကိုင်ကြပြီး အများစုမှာ ဥယျာဉ်တောင်ယာလုပ်ငန်း လုပ်ကိုင်ကြ သူများဖြစ်ကြောင်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ် ဆီအုန်း၊ ရော်ဘာ၊ ကွမ်းသီးစသည့် သီးနှံများကို အများဆုံး စိုက်ပျိုးကြသူများဖြစ်ကြောင်း၊ အဆိုပါတောင်သူများမှာ ရိုးသားစွာ ကြိုးစား လုပ်ကိုင်နေကြသူများဖြစ်ကြပြီး မိမိတို့မိဘများ၏ အမွေသော်လည်းကောင်း၊ မိမိ၏မြေယာ သော်လည်းကောင်း၊ မြေလွတ်မြေရိုင်းများပေါ်၌ လည်းကောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြသူများ ဖြစ်ကြောင်း၊ သို့သော် အဆိုပါဥယျာဉ် ခြံစိုက်တောင်သူများမှာ ယနေ့အချိန်အထိ ၎င်းတို့၏ ပိုင်ဆိုင်မှုအထောက်အထား အနေဖြင့် မြေဂရမ်များ လုံးဝရရှိခြင်းမရှိ သေးကြောင်း၊ ရရှိသူများမှာလည်း လူနည်းစုသာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများကို တင်ပြလျှောက်ထားသော်လည်း ထူးခြားမှုမရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရအနေဖြင့် မြေဂရမ် မရရှိသေးသဖြင့် အခက်အခဲများတွေ့ကြုံ နေရသည့် ပြည်သူများအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလို ကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အယ်ဒီတာ ချုပ်ကြီးမေးမြန်းခဲ့သည့် မေးခွန်းနှင့် ပတ်သက်၍ ယခုသတင်းစာရှင်းလင်းပွဲတွင် မိမိဖြေကြားနိုင်သည့် မြေလွတ် မြေရိုင်းနှင့်ပတ်သက်သည့် လုပ်ထုံး လုပ်နည်းများကို ဖြေကြားပေးမည်ဖြစ်ကြောင်း၊ တချို့သောနေရာများတွင် လုပ်ထုံးလုပ်နည်းများအရ မှန်ကန်သော် လည်း မြေပြင်တွင် အခက်အခဲများ ကြုံတွေ့နေရသည့် အခြေအနေများရှိ သည်ကို တွေ့ရကြောင်း၊ ၎င်းတို့ တွေ့ကြုံ ခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက် သည့် အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများထံ တစ်ပါတည်း တင်ပြပေးလိုက်စေလို ကြောင်း၊ ၂၀၁၈ ခုနှစ် မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)အရ ရယူလုပ်ကိုင်အသုံးပြု လျက်ရှိသည့် မြေလွတ်မြေရိုင်းဧရိယာ နှင့်ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို ပြည့်စုံစွာဖော်ပြ၍ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသည့်နေ့မှစ၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကော်မတီထံ သက်ဆိုင်ရာ ကော်မတီများမှ တစ်ဆင့် လျှောက်ထားရမည် ဖြစ်ကြောင်း။

စနစ်တကျစိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ပေး

တနင်္သာရီ တိုင်းဒေသကြီးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြေစာရင်းဦးစီးဌာန၏ ပြောပြချက်များအရ ဘုတ်ပြင်းခရိုင် ကရသူရိမြို့တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် လုပ်ပိုင်ခွင့်လျှောက်လွှာပုံစံ (၁) ၄၈၅ စောင်ကို အခမဲ့ဖြန့်ဝေပေးထားသည်ဟု သိရကြောင်း၊ အဆိုပါလျှောက်လွှာပုံစံ(၁)ဖြင့် တိုင်းဒေသကြီး မြေလွတ်မြေရိုင်းစီမံ ခန့်ခွဲရေးကော်မတီထံ လျှောက်ထားသူ ၄၈၅ ဦးရှိသည်ဟုသိရကြောင်း၊ မြေဧရိယာ အနေဖြင့် ၁၂၆၃၂ ဧကရှိသည်ဟုလည်း သိရကြောင်း၊ တောင်သူ ၄၀ ၏ မြေဧရိယာ ၃၉၇ ဒသမ ၄၅ ဧကကို မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ပြုသည်ဟု သိရကြောင်း၊ ကျန်ရှိသည့်ပုံစံ(၁)ဖြင့် လျှောက်ထားသူ ၄၄၅ ဦး၊ မြေဧရိယာ ၁၂၂၃၅ ဧကနှင့် ပတ်သက်၍ ကန့်ကွက်လွှာခေါ်ယူခြင်း၊ လျှောက်ထားသည့်နေရာများကို မြေပြင် ကွင်းဆင်းစိစစ်ခြင်းနှင့် မြေပုံရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်ဟု သိရကြောင်း၊ ထပ်မံလျှောက်ထားလာ သည့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့် မြေဧရိယာဧက ၃၀၀ နှင့် မွေးမြူရေး လုပ်ငန်းလုပ်ကိုင်မည့် မြေဧရိယာ ဧက ၅၀ တို့ကိုလည်း စနစ်တကျစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေသည်ဟုလည်း ပြောထားကြောင်း။

မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများ၏လုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း နှစ်ရှည်ပင်စိုက်ပျိုး မြေဖြစ်ပါက ခုနစ်နှစ်၊ ဥယျာဉ်သီးနှံ စိုက်ပျိုးမြေဖြစ်ပါက ငါးနှစ်၊ ရာသီသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်ပါက လေးနှစ်ဟု သတ်မှတ်ပေးထားကြောင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူများအတွက် ကုန်ကျစရိတ်များကိုလည်း သတ်မှတ်ပေးထားသည်ဟု သိရကြောင်း၊ မိမိအနေဖြင့် ယခုပြန်လည်ဖြေကြားခဲ့သည့် အချက်အလက်များကို အယ်ဒီတာချုပ်ကြီး မေးခွန်းကြိုတင်မေးမြန်းစဉ်ကပင် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနထံမှ တောင်းယူထားသည့် အချက်အလက်များဖြစ် ကြောင်း၊ မြေပြင်အခြေအနေများနှင့် ကွဲလွဲလျှင်လည်း ကွဲလွဲနိုင်ကြောင်း၊ မိမိဖြေကြားခဲ့သည့် အချက်အလက်များနှင့် မြေပြင်အခြေအနေ ကွဲလွဲသည့်အချက်များရှိပါက ယခု သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူထံ ပေးခဲ့စေလိုကြောင်း၊ ၎င်းတို့က ဆက်လက်ဆောင်ရွက် ပေးလိမ့်မည် ဖြစ်ကြောင်း၊ ၎င်းတို့အနေ ဖြင့် မရှင်းလင်းသည့်အချက်များရှိပါက သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံ မေးမြန်းနိုင်သည်ဟုလည်း ပြောထားကြောင်း၊ ပုံစံ(၁)ဖြင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေများနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်ပေး သွားမည်ဟု ပြောထားကြောင်း၊ အမှန်တကယ် မြေပြင်တွင်ဖြစ်နေသည့်အခြေ အနေများကို တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ ပေးခဲ့စေလိုကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာ ဦးကိုကိုကြီးက ကယားပြည်နယ် မိုးဗြဲဒေသ၌ ကရင်နီလက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF များ ပူးပေါင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်ဟု ကြားသိနေရကြောင်း၊ အဆိုပါ သောင်းကျန်းသူများ၏ ပစ်ခတ်မှုများကြောင့် ရှေးဟောင်းဘုရားများနှင့် နေအိမ်များ ပျက်စီးခြင်းများ ဖြစ်ပွား နေသည်ဟုလည်း မီဒီယာများက ဖော်ပြနေသည်ကို တွေ့ရကြောင်း၊ မိုးဗြဲဒေသ၏ တည်ငြိမ်အေးချမ်းမှု အခြေအနေကို သိလိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြမ်းဖက်သောင်းကျန်းသူများက Drone များကိုအသုံးပြု၍ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဘုန်းကြီး ကျောင်းများကိုလည်း တိုက်ခိုက်နေကြသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ Drone ဖြင့် တိုက်ခိုက်နေမှုများကို မည်ကဲ့သို့ ကာကွယ်ပေးမည်ကို သိလိုကြောင်း၊ ထို့ပြင် Drone များ သယ်ဆောင်လာသူများကို ထိရောက်စွာဟန့်တားနိုင်မည့် ပြစ်ဒဏ်များချမှတ်ရန် လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ အခြား မေးခွန်းတစ်ခုအနေဖြင့် M-Tube ကို မည်သည့်အချိန်တွင် စတင်အသုံးပြုမည် ကိုသိလိုကြောင်း၊ ၁၉-၉-၂၀၂၂ ရက်က နိုင်ငံပိုင်သတင်းစာများတွင် M-Tube ၏ Trademark ကို ကြေညာထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မည်သည့် အဆင့်အထိရောက်နေပြီနှင့် မည်သည့် အချိန်တွင် စတင်အသုံးပြုနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

Anti-Drone Gun များ တပ်ဆင်ပေးလျက်ရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကယား ပြည်နယ်အတွင်းရှိ မိုးဗြဲဒေသနှင့် အောက်ဘက်မှ ဖယ်ခုံဒေသများအပါအဝင် ဒေသအချို့၌ ငြိမ်းချမ်းမှုမရှိသေး ကြောင်း၊ လွိုင်ကော်ဒေသမှာမူ ယခင်က မြို့ပေါ်တွင်ပင်လျှင် လူမရှိသည့်အခြေအနေမှ ယခုနောက်ပိုင်းတွင် ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီဖြစ်ကြောင်း၊ သို့သော်အောက်ပိုင်းတွင်ရှိနေသည့် ဖယ်ခုံကဲ့သို့သော နေရာများတွင်မူ လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ KNPP နှင့် ပတ်သက်ပါက ထိုအဖွဲ့အစည်း အနေဖြင့် ယခင်ကတည်းကပင် မြို့ပေါ်မှထွက်ပြေးတိမ်းရှောင်သွားသည့် လူငယ်လူရွယ်များကို လက်ခံ၍ အကြမ်းဖက်လုပ်ရပ်များကို သင်ကြားပေးနေသည့် အဓိကအဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုကြောင်း၊ Drone များနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် သက်ဆိုင်ရာ အရေးကြီးသည့်နေရာများနှင့် လူနေအဆောက်အအုံများကို Anti-Drone Gun များ တပ်ဆင်ပေးလျက်ရှိ ကြောင်း၊ အားလုံးအပြည့်အစုံ တပ်ဆင် နိုင်ခြင်းမရှိသေးကြောင်း၊ Drone များ မှာလည်း ရိုးရိုးပစ်ချ၍ရသည့် Drone များ မဟုတ်ဘဲ Anti-Drone Gun ဖြင့်သာ ပစ်ချနိုင်သည့် Drone များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုကိစ္စများကို တိုးချဲ့ဆောင်ရွက်လျက် ရှိသည်ဟုသာ ပြောလိုကြောင်း၊ M-Tube ကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက လုပ်ဆောင်နေဆဲ လုပ်ငန်းတစ်ခုအဆင့်တွင်သာ ရှိသေး ကြောင်း၊ မှတ်ပုံတင်ထားပြီး လုပ်ငန်းစဉ် များစွာကျန်ရှိနေသေးကြောင်း၊ တိုးချဲ့လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် လက်တွေ့ အသုံးပြုရမည့် လုပ်ငန်းများ ရှိသေးကြောင်း၊ လက်တွေ့အသုံးပြုနေ သည့် လူမှုကွန်ရက်စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်များပင်လျှင် အသုံးပြုနေရင်း ဖြင့် ၎င်းတို့၏လိုအပ်ချက်များကို ထပ်မံဖြည့်စွက်နေရကြောင်း၊ M-Tube ၏ လက်ရှိအခြေအနေမှာ စမ်းသပ်ဆဲအဆင့်တွင်သာ ရှိသေးသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာချုပ် ဦးမင်းမောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြည်တွင်း မီဒီယာများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အစီအစဉ်ဆွဲ၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နှစ်ကြိမ်အထိ ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ဆက်လက်ထိုးနှံပေးခြင်း မရှိသဖြင့် ဆက်လက်ထိုးနှံပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်သတင်း ထုတ်ပြန်ချက်များအရ စက်တင်ဘာလ ဒုတိယအပတ်တွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်လာသည် ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့မြင့်တက်လာမှု အပေါ် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အစိုးရအနေဖြင့် ကာကွယ်ဆေးများ လုံလောက်စွာကြိုတင်ပြင်ဆင်ပြီးဖြစ်၊ မဖြစ်သိလိုကြောင်း၊ မည်သည့် အတိုင်းအတာအထိ ပြင်ဆင်ပြီးဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။

Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို လစဉ်တွက်ချက်၍ ထုတ်လုပ်လျက်ရှိ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေး ဝယ်ယူခြင်းနှင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့် အခြေအနေများကို ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့်ပြောပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့်ပူးပေါင်း၍ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်အတွက် လုပ်ဆောင်ပြီး ဖြစ်ကြောင်း၊ Myancopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လစဉ်တွက်ချက်၍ ထုတ်လုပ်လျက်ရှိကြောင်း၊ ဝယ်ယူထားပြီး ရောက်ရှိရန် ကျန်နေသည့် ကာကွယ်ဆေးများလည်း ရှိပါကြောင်း၊ ကာကွယ်ဆေးလုံလောက်မှု ရှိသည်ဟုပြောလိုကြောင်း၊ ကာကွယ်ဆေး ထိုးနှံမှုအခြေအနေနှင့် ကာကွယ်ဆေး လုံလောက်မှုအခြေအနေ အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးက ရှင်းလင်းပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးရရှိမှုအခြေအနေဖြင့် ဝန်ကြီးဌာန အနေဖြင့်ရရှိမှု ၈၁ ဒသမ ၄၉ သန်းကျော် ရရှိပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေ ဖြင့် တပ်မတော်နှင့် ပုဂ္ဂလိကကဏ္ဍမှ ကာကွယ်ဆေးများကိုပါ ထည့်တွက်မည် ဆိုပါက စုစုပေါင်း ၈၃ ဒသမ ၁၂ သန်း ကျော် Dose ရရှိပြီးဖြစ်ကြောင်း၊ ထိုကာကွယ်ဆေးများကိုလည်း ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း၊ ထိုသို့ထိုးနှံပေးရာတွင် အသက်ငါးနှစ်မှ (၁၈) နှစ်အရွယ်အထိ အကျုံးဝင်သူများအားလုံးကို ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေး လျက်ရှိကြောင်း၊ အသက် (၁၂) နှစ်မှ (၁၈) နှစ်အရွယ် အခြေခံပညာကျောင်းသား ကျောင်းသူများကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးချိန်တွင် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း၊ ထို့ပြင် အသက်(၁၈)နှစ်ပြည့်ပြီးသူ အားလုံးကိုလည်း အကြိမ်ပြည့်ထိုးပေးလျက် ရှိသည့်အပြင် အကြိမ်ပြည့်ထိုးနှံပြီးစီး၍ ခြောက်လပြည့်သည့်အချိန်တွင် ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးသည့်အပြင် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံ ပြီးစီး၍ နောက်ထပ်ခြောက်လပြည့်သည့် အချိန်တွင်လည်း အပိုထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း၊ မိမိတို့တွင် ကာကွယ်ဆေး လက်ကျန်ပမာဏ သန်းနှင့်ချီ၍ ကျန်ရှိနေသေးကြောင်း၊ မကြာမီရောက်ရှိလာမည့် ကာကွယ်ဆေးအရေအတွက်မှာလည်း သန်းပေါင်း များစွာရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံမှုအပေါ် စိတ်ပူရန်မလိုဘဲ လာရောက်ထိုးနှံကြရန် အလွန်အရေးကြီးပါကြောင်း၊ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသည့် အုပ်စုများတွင်သာ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါပြင်းထန်မှုကို တွေ့မြင်နေရကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားသည့်အုပ်စုများနှင့် Booster ဆေးထိုးနှံထားသည့် အုပ်စုများတွင် ရောဂါဖြစ်ပွားမှုနည်းပါးသကဲ့သို့ ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးမှုအခြေအနေ အင်မတန် နည်းပါးကြောင်းကိုလည်း တင်ပြအသိပေးပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံကြရန်နှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှုများကိုလည်း မဖြစ် မနေထိုးနှံကြရန် အလွန်အရေးကြီးပါကြောင်း၊ ထို့အတွက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဒေသန္တရကျန်းမာရေးဌာနများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများကို အခြေပြု၍ ကာကွယ်ဆေးထိုးစုရပ်များ ဖွင့်လှစ်ထားပါကြောင်း၊ ထို့ပြင် လူစုလူဝေးရှိသည့် ဘိုးဘွားရိပ်သာများ၊ လူအများ စုဝေးမှုရှိသည့်နေရာများနှင့် အားကစားသမားများ လေ့ကျင့်သည့် နေရာများတွင် ရွေ့လျားကာကွယ်ဆေးထိုးစုရပ်များအဖြစ် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူ လူထုအနေဖြင့် ကာကွယ်ဆေးထိုး စုရပ်များ၊ နီးစပ်ရာကျန်းမာရေးဌာနများအပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြရန် ထပ်မံ ပြောကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။ ။

သတင်းစဉ်