Skip to main content

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ငါးဦးအတွက် ကျန်ရစ်သူမိသားစုထံ အာမခံကြေးပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၈

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားငါးဦးအတွက် အာမခံကြေးများအား ကျန်ရစ်သူ မိသားစုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကိုယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ထိုင်းနိုင်ငံ ဆိုင်ရို့ခရိုင်နယ်စပ်မှ တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ကန်ချနဘူရီ ပြည်နယ်အတွင်း ဖြတ်သန်းစဉ် စစ်ဆေးရေးဂိတ်တွေ့၍ လှည့်ပြန်မောင်းနှင်ထွက်ပြေးရာမှ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင်ပါရှိသည့် အလုပ်သမား ၁၀ ဦးအနက် မောင်သက်နိုင်ဖြိုး၊ မောင်နိုင်ဝင်းစိုး၊ မောင်အောင်ရွှေဝင်း၊ မခင်မာနွယ်နှင့် မအိဖြူအောင်တို့ သေဆုံးခဲ့မှုအပေါ် မော်တော်ယာဉ် အာမခံထောက်ပံ့ကြေးငွေအား ကျန်ရစ်သူ မိသားစုများထံ ပေးအပ်ခြင်းဖြစ်ပါကြောင်း။

အဆိုပါ အလုပ်သမား ငါးဦးသေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ထိုင်းနိုင်ငံ အလုပ်သမားအရာရှိရုံးမှ အလုပ်သမား သံအရာရှိက မော်တော်ယာဉ် အာမခံကုမ္ပဏီဖြစ်သည့် Dhipaya Insurance Public Co., Ltd နှင့် ချိတ်ဆက် ဆောင်ရွက်၍ မော်တော်ယာဉ် အာမခံကြေးရရှိနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လိုအပ်သည့် အထောက်အထား၊ စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)တို့မှ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ အလုပ်သမား ငါးဦးသေဆုံးမှုဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားသည့်ယာဉ်မှာ Dhipaya Insurance Public Co., Ltd တွင် မော်တော်ယာဉ် အာမခံထားရှိခြင်းကြောင့် သေဆုံးသူများအတွက် မော်တော်ယာဉ်အာမခံငွေများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုများ၊ မော်တော်ယာဉ် တိမ်းမှောက်ခဲ့မှုများ ဖြစ်ပွားခဲ့မှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများရှိခဲ့ခြင်း၊ တရားမဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရားမဝင် သွားရောက်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် ပြည်ပသို့ တရားဝင် သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်နိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်တွင် စိတ်ချလုံခြုံစွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျန်ရစ်သူမိသားစုဝင်သုံးဦးနှင့် ဒုတိယဝန်ကြီးကကျန်ရစ်သူ မိသားစုဝင်နှစ်ဦးတို့၏ မိသားစုဝင်များသို့ မော်တော်ယာဉ်အာမခံကြေးများအား ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ တာဝန်ရှိသူနှင့် သေဆုံးသူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်