Skip to main content

လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးထိ၊ မိုးမိဒေသသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရမည်းသင်းခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအေးကျော်နှင့် တာဝန်ရှိသူများက မိုးထိ၊ မိုးမိဒေသတွင် ၂၀၁၈ ခုနှစ် နောက်ပိုင်းမှစ၍ စီမံကိန်းများ ရပ်ဆိုင်းထားရသဖြင့် ငွေတောင် ၃၃ ကေဗွီ (၁၅ အမ်ဗွီအေ)ခွဲရုံမှ ငါးတဲစု ၃၃ ကေဗွီ (၁၀ အမ်ဗွီအေ)ခွဲရုံသို့ သွယ်တန်းထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်းကြိုးများ ပျက်စီးနေမှု၊ ငါးတဲစုခွဲရုံတွင် Transformer နှင့် Control Panel များ ပျက်စီးနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပျက်စီးနေသော အစိတ်အပိုင်းများကို အသေးစိတ်စစ်ဆေး၍ ပြင်ဆင်ရန်၊ ကုန်ကျမှုအခြေအနေများကို အမြန်ဆုံးစိစစ်တင်ပြရန် လိုအပ်ကြောင်း၊ ငါးတဲစုခွဲရုံမှ စီမံကိန်းသို့ ဆွဲထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်များ၏ အခြေအနေကိုလည်း အမြန်ဆုံးစစ်ဆေး၍ ထပ်မံတင်ပြရန်လိုအပ်ကြောင်း၊ ပြန်လည်ပြုပြင်ရန် ကုန်ကျမည့်ရန်ပုံငွေကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

လုံခြုံရေးဂရုပြုဆောင်ရွက်

ယင်းနောက် ရမည်းသင်းမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ လုပ်ငန်းများဆောင်ရွက်စဉ် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရေးသည် အဓိကကျသဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာစေရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေများ အပြည့်အဝကောက်ခံရရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်းလုပ်ငန်းများကိုလည်း လုံခြုံရေး ပြည့်ပြည့်ဝဝဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးထိ၊ မိုးမိဒေသသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူး ပေးထားသော ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်နှင့် ငါးတဲစု ၃၃ ကေဗွီ (၁၀ အမ်ဗွီအေ)ခွဲရုံတို့၏ ပျက်စီးနေမှုနှင့် ပြန်လည်ပြုပြင်ပြင်ဆင်၍ ဓာတ်အားအမြန်ဆုံး ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

  သတင်းစဉ်