Skip to main content

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၈

ကော်မရှင်အနေဖြင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခုတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ CPU များကို ဖွဲ့စည်းခြင်းဖြင့် ဝန်ထမ်းများအတွင်း အဂတိကင်းရှင်းစေရန်၊ ကြိုတင်ကာကွယ်မှုဖြစ်စေရန်နှင့် အသေးစား အဂတိလိုက်စားမှု (Petty Corruption) ကို ဟန်ချက်ညီညီ ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme–PFP) အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက CPU များ၏ လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာဆိုင်ရာ သင်တန်းများကို ကော်မရှင်အနေဖြင့် ပံ့ပိုးကူညီဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကော်မရှင်အနေဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အသုံးပြု၍ အသေးစား အဂတိလိုက်စားမှုများ လျှော့ချနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်း (၂၁) ခုမှာ တိုးချဲ့အသုံးပြုနိုင်ခဲ့ကြောင်း။

သက်ဆိုင်ရာ ဌာနများအနေဖြင့် ပြည်သူလူထု၏ တုံ့ပြန်အကြံပြုချက်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်များကိုလည်း တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ အလေ့အကျင့်ကောင်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားခြင်းဖြင့်ဌာန ဂုဏ်သိက္ခာအပြင် ဝန်ထမ်းတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးရာလည်း ရောက်ကြောင်း၊ ထပ်မံ၍ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း (၁၃) ခု မှ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း (PFP) အစီအစဉ်ကို ဆောင်ရွက်ရန် စိတ်ဝင်တစား ပူးပေါင်းပါဝင်ပေးခြင်းအတွက် ကော်မရှင်အနေဖြင့် အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် အသုံးပြုဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (PFP) အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်းသည်များကို ဆွေးနွေးခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်