တွေ့ဆုံမေးမြန်း - ညိမ်းသူ(သတင်းစာ)
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ငါးလုပ်ငန်း အေဂျင်စီ၏ အကြီးအကဲ Mr.Ilya Shestakov ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ စိန့်ပီတာစဘတ်မြို့ St.Petersburg Exhibition and Convention Center ၌ ကျင်းပခဲ့သော Global Fisheries Fourm and Seafood Expo Russia ဖိုရမ်ဖြစ်သည့် (၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။
ထိုသို့တက်ရောက်ရာတွင် မြန်မာ့ရေထွက်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ ပင်လယ်ပြင် ငါး/ပုစွန် ဖမ်းဆီးရာတွင် Deep Sea ၌ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်း ဖမ်းဆီးနိုင်မည့် နည်းပညာပိုင်းဆိုင်ရာနှင့် မြန်မာနိုင်ငံတွင် မွေးမြူထုတ်လုပ်မှု အောင်မြင်လျက်ရှိသည့် ရေငန်ပုစွန်ဖြူကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး အပါအဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ကဏ္ဍဆိုင်ရာ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံတော်အတွက် စီးပွားရေးအခွင့်အလမ်းများစွာ သယ်ဆောင်လာခဲ့သော ဒုတိယဝန်ကြီးနှင့် အဖွဲ့အား ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးမှုဆိုင်ရာနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာအောင်ကြီး
(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး)
ကျွန်တော်တို့သွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရေလုပ်ငန်းဆိုင်ရာပြပွဲမှာ ငါးလုပ်ငန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ရုရှားနဲ့ မြန်မာနိုင်ငံ ပူးတွဲပြီး ဆောင်ရွက်မယ့် လုပ်ငန်းရပ်တွေအတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အထူးသဖြင့် ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံအတွက် နည်းပညာပိုင်းဆိုင်ရာနဲ့ ပစ္စည်းပိုင်းဆိုင်ရာ အကူအညီပေးမှုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါး/ပုစွန် ထုတ်လုပ်မှုမှာ ကုန်ချောထုတ်လုပ်မှုပိုင်းဆိုင်ရာ နည်းပညာအကူအညီနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့နိုင်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့တာရှိပါတယ်။ ရုရှားမှာရှိတဲ့ ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ စက်ရုံတွေကို လေ့လာခဲ့ပြီးတော့ စိန့်ပီတာစဘတ်မြို့က မြို့တော်ဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အခုလိုဆောင်ရွက်နိုင်ခြင်းဟာ နိုင်ငံတော်ဝန်ကြီးချုပ် သွားရောက်ခဲ့တဲ့ ရုရှားခရီးစဉ်ရဲ့ အကျိုးကျေးဇူးကြောင့်ပါ။ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စရပ်တွေမှာ အကူအညီပေးဖို့ ဖိတ်ကြားမှုအပေါ် သွားရောက်ဆွေးနွေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာမကြာမီကာလအတွင်း မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတတည်ရှိမှုကို သုတေသနပြုမယ့်ကဏ္ဍနဲ့ အခြားသောကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိပါတယ်။
အထူးသဖြင့် ကမ်းဝေးငါးဖမ်းသင်္ဘောနဲ့ ပတ်သက်ရင် ငါးဖမ်းစက်လှေတွေရောက်ရှိနေတဲ့ နေရာကိုသိရှိပြီး စုံစမ်းစစ်ဆေး ဆောင်ရွက်နိုင်အောင် နည်းပညာအကူအညီအတွက် ဆွေးနွေးခဲ့တာရှိတယ်။ ကမ္ဘာမှာ မြန်မာဟာ ငါးဖမ်းဆီးမှုအဆင့် ၁၀ အတွင်းမှာရှိပေမယ့် ဖမ်းဆီးမှုကိရိယာနဲ့ နည်းပညာ သုံးစွဲဖို့လိုအပ်နေတာကြောင့် ပင်လယ်ပြင်မှာ မီတာ၁၀၀ အောက်ဆိုရင် ဖမ်းဆီးလို့မရနိုင်တဲ့ အခြေအနေရှိပါတယ်။ ရေအောက်မီတာ ၂၀၀ ကနေ ငါး/ ပုစွန်ဖမ်းဆီးနိုင်အောင် နည်းပညာပိုင်းဆိုင်ရာကို ဆွေးနွေးခဲ့ပြီး မကြာမီကာလအတွင်းမှာ ရုရှားက သင်္ဘော ၁၆ စင်းလာရောက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ငါး/ပုစွန်ဖမ်းဆီးမှု နည်းပညာပိုင်းဆိုင်ရာအတွက် နည်းပညာနဲ့ ပစ္စည်းအထောက်အပံ့ရရှိဖို့ ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်မှာ ရေထွက်ကုန်ကို အဓိကထားပြီး ဆွေးနွေးတာဖြစ်ပေမယ့် တစ်ဖက်က မွေးမြူရေးနဲ့ စိုက်ပျိုးရေးကဏ္ဍအတွက်လည်း ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီးစွာနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်များစွာ ရှိပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာတာကြောင့် စိုက်ပျိုးရေးနဲ့ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆက်လက်ဆောင်ရွက်မယ့် အစီအမံတွေလည်းရှိတယ်။ ရုရှားနိုင်ငံနဲ့လက်ရှိ ဆောင်ရွက်မှုဟာ ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်သော်လည်း တစ်ကြိမ်ဆိုရင် တစ်ကြိမ်အတိုင်းအတာနဲ့ အောင်အောင်မြင်မြင် ထူးထူးခြားခြား ရှိခဲ့ပါတယ်။ ရုရှားနိုင်ငံက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဆောင်ရွက်ခဲ့ရတာကြောင့် အခုခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးဖို့နဲ့ တောင်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။
ဒေါက်တာတိုးနန္ဒာတင်
(မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ)
ရုရှားနိုင်ငံက ရေထွက်ကုန်ကဏ္ဍအတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံက လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ရေထွက်ကုန် တင်ပို့မှုအတွက် ဆိပ်ခံတွေ၊ စက်ရုံတွေကို လာရောက် စစ်ဆေးဖို့လိုပါမယ်။ EU ကို ပို့တဲ့ရေထွက်ကုန်တွေဆိုရင် EU က လာရောက်စစ်ဆေးတာရှိတယ်။ အဲဒီလိုပဲ ရုရှားနိုင်ငံကို ရေထွက်ကုန်တင်ပို့မယ်ဆိုရင် ပရိုတိုကောလ်လို့ခေါ်တဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီးမှ ပို့ကုန်ကဏ္ဍကို လုပ်ဆောင်နိုင်မှာပါ။ ရုရှားမှာ ငါးနဲ့ကဏန်းပေါများပြီး အအေးပိုင်းဖြစ်လို့ ပုစွန်မွေးမြူဖို့ ခက်ခဲတဲ့အတွက် အဓိကပုစွန်ကို လိုလားတာတွေ့ရတယ်။ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့လည်း ပါလာတာကြောင့် မွေးမြူထုတ်လုပ်နိုင်တဲ့အတွက် ပရိုတိုကောလ် မြန်မြန်လုပ်ဆောင်နိုင်ရင် မြန်မြန်တင်ပို့နိုင်တဲ့ အခြေအနေရှိပါတယ်။ တရုတ်နိုင်ငံနဲ့ ပရိုတိုကောလ် ပြီးသွားလို့ MoU ကျန်ပေမယ့် ငါးတန်နဲ့ပုစွန်သွားလို့ မရသေးဘူး။ အခုဟာက MoU ပြီးသွားပြီး ပရိုတိုကောလ်ကဏ္ဍ ကျန်နေသေးတယ်။ အဲဒီအပိုင်းတွေ ပြီးသွားမှ ပို့ကုန်ကဏ္ဍ အဆင်ပြေမှာ ဖြစ်ပါတယ်။
ရေထွက်ကုန်ပို့ဆောင်ရေးမှာ ရေကြောင်းကို အဓိကအားပြုရမှာပါ။ တိုက်ရိုက်မရရင်တစ်ဆင့် တင်ပို့ပေးရမယ့်နေရာ လိုပါတယ်။ လောလောဆယ် ပုစွန်ကို စိတ်ဝင်စားတာကြောင့် တနင်္သာရီတိုင်းဒေသကြီးမှာ အများဆုံး မွေးမြူတာဖြစ်တဲ့အတွက် ဘယ်လောက်မွေးနိုင်မလဲ၊ ဘယ်လောက်တင်ပို့ရမလဲ၊ ပရိုတိုကောလ် ဘယ်အချိန်ပြီးမလဲစသဖြင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမယ်ဆိုရင် ဈေးကွက်သစ်တစ်ခုပွင့်သွားမှာပါ။ နောက်တစ်ခု မြန်မာ့ပင်လယ်ပြင်ရေနက်ပိုင်းကဏ္ဍကို မသိဘူး။ ငါး/ပုစွန်ကို မီတာ ၂၀၀ မှာ အနိုင်နိုင်ဖမ်းနေချိန်မှာ အခြားနိုင်ငံတွေက မီတာ ၁၅၀၀ မှာ ဖမ်းဆီးနိုင်နေကြပြီ။ အဲဒီလို ဖမ်းဆီးနိုင်အောင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နည်းပညာ တတ်မြောက်သွားမှာပါ။ ရေနက်ပိုင်းရေထွက်ကုန် ဖမ်းဆီးရေး ကဏ္ဍလည်း ဖွံ့ဖြိုးလာမှာပါ။ နော်ဝေနဲ့မြန်မာ့ပင်လယ်ပြင် သုတေသနလုပ်ငန်း ရပ်နားထားတာကြာပြီ ဖြစ်တဲ့အတွက် ရုရှားက သုတေသန ရေယာဉ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာရှိတာကြောင့် မြန်မာ့ရေသယံဇာတ ဘယ်လောက်ရှိပြီး ဘယ်လိုဖမ်းဆီးနိုင်မယ်ဆိုတဲ့ အဖြေထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။
ဦးသက်စိုး
(တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး)
တနင်္သာရီတိုင်းဒေသကြီးမှာ ပနားမီးပုစွန် မွေးမြူမှုအောင်မြင်နေတဲ့အတွက် တရုတ်နဲ့ ထိုင်းကို တင်ပို့ဖို့ ကြိုးစားနေတာရှိပါတယ်။ အခုရုရှားနိုင်ငံနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ရေငန်ပုစွန် ပနားမီး မွေးမြူထုတ်လုပ်နေတာဖြစ်တဲ့အတွက် ရုရှားနိုင်ငံနဲ့ ပနားမီးပုစွန်ဖြူ တင်ပို့ဖို့ အခွင့်အလမ်းရခဲ့ပါတယ်။ မြန်မာ့ရေငန်ပုစွန်တင်ပို့ နိုင်ပြီဆိုရင်ရေထွက်ကုန် ပြည်ပပို့ကုန်ကဏ္ဍ အတွက်အခွင့်အလမ်းများစွာ ရရှိစေမှာပါ။ လက်ရှိတရုတ်နိုင်ငံဖြစ်စေ၊ ရုရှားနိုင်ငံဖြစ်စေ ရေထွက်ကုန်တင်ပို့ရာမှာ G to G လုပ်ဆောင်နိုင်ရင် နိုင်ငံအတွက် ရေရှည်မှာ အကျိုးရှိစေပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ ရေငန်ပနားမီးပုစွန်ဖြူ မွေးမြူတဲ့ ကုမ္ပဏီလေးခု ရှိပါတယ်။ ဝယ်လိုအားရှိရင်ရှိသလို မွေးမြူနိုင်တာကြောင့် ထုတ်လုပ်မယ့်အပိုင်းက အဆင်သင့်ရှိနေတယ်လို့ ဆိုရမှာပါ။ အားလုံးပြီးစီးသွားလို့ ပုစွန်တင်ပို့မယ်ဆိုရင် ပို့ဆောင်မှုစရိတ်က အစတွက်ချက်ရမှာဖြစ်တဲ့အတွက် ခိုင်မာတဲ့ ဈေးကွက်တစ်ခုပေါ်ထွန်းဖို့ပဲ လိုပါတယ်။ အခုခရီးစဉ်ဟာ ရေထွက်ကုန်မွေးမြူရေး ကဏ္ဍအတွက် တန်ဖိုးဖြတ်လို့မရတဲ့ ခရီးစဉ်ဖြစ်တာကြောင့် နိုင်ငံတော်နဲ့ ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။