နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦး က ပြိုင်ဖက်ပါတီဆိုလျှင် ဖမ်းပြီး အမျိုးဘာသာ၊ သာသနာကို အလေးပေးလျှင် ဖမ်းသည့်ခေတ်ကို မိမိတို့ ငါးနှစ်တာကြုံခဲ့ရကြောင်း၊ ပါတီချင်း သူနိုင်၊ ငါနိုင် ပြိုင်သည်ထက်ပို၍ မိမိနိုင်ငံအတွက် မိမိပါတီသည် မည်ကဲ့သို့ကောင်းအောင် ပိုလုပ်မည်ဆိုခြင်းကိုသာ ပြည်သူများက ပြိုင်စေချင်ကြကြောင်း၊ မိမိမကြာသေးမီက UEC ကို မေးသည်မှာ အသုံးအနှုန်းလွဲသွားပါကြောင်း၊ မတရားအသင်းအဖြစ် ကြေညာခြင်းမဟုတ်ပါကြောင်း၊ နှင်းဆီပါတီကို နိုင်ငံရေးပါတီမှနေ၍ ပယ်ဖျက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ နှင်းဆီပါတီ ဦးကျော်မြင့်သည် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၍ နိုင်ငံရေးစကားဝိုင်းသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း၊ ဗိုလ်ချုပ်တို့လည်း အတိအလင်းသိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကလေးငယ်များကို ပြုစုပျိုးထောင်ပြီး အမျိုးဘာသာ၊ သာသနာအတွက် နောက်မျိုးဆက်များ အားထားနိုင်လောက်သည့် မဟော်သဓာကျောင်း၏ Founder တစ်ယောက်ဖြစ်သည့် ဦးစိုးထွန်းရှိန်သည် NLD လက်ထက်တွင် မတရားဖမ်းဆီးခံခဲ့ရသည်ဟု မြင်ပါကြောင်း၊ တပ်မတော်အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲများ ကျင်းပပေးရန်အတွက် စီစဉ်နေသည်များရှိနေကြောင်း၊ လက်နက်ကိုင်အဖွဲ့များကိုလည်း စိတ်သဘောထား ကြီးမားစွာဖြင့် ပြန်လည်ညှိနှိုင်းနေသည်ကို တွေ့ရပါကြောင်း၊ ယခုလိုအချိန်တွင်အမျိုးဘာသာ၊ သာသနာနှင့် တိုင်းပြည်အတွက် အားကိုးအားထား ပြုနိုင်သည့်သူများကို အပြစ်မှဖြေလျှော့၍ တပ်မတော်အနေဖြင့် ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်နိုင်မည့် အစီအစဉ် ရှိ/မရှိနှင့် အပြစ်များမှ ဖြေလျှော့ပေးနိုင်မည့်အစီအစဉ် ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းသည်။
တရားဥပဒေအရ ငြိစွန်းပါက တရားဥပဒေအရဆောင်ရွက်ရမည်
ဗိုလ်ချုပ် ဇော်မင်းထွန်း က နှင်းဆီပါတီနှင့် ပတ်သက်၍ နိုင်ငံရေးပါတီမှ ပယ်ဖျက်ခဲ့ကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်သုံးသပ်ချိန်တွင် တချို့အရာများသည် မှန်ကန်သည့် အတွက်လုပ်ခဲ့ပါကြောင်း၊ ဦးစိုးထွန်းရှိန် ကိစ္စသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်းအနေဖြင့် သွင်းရမည်များကို ပေးသွင်းရမည်ဖြစ်ကြောင်း၊ ၎င်းလုပ်ဆောင်ရမည်များကို လုပ်ရမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် လုပ်ဆောင်ချက်နှင့် လူပုဂ္ဂိုလ် ဟူ၍ရှိကြောင်း၊ လူပုဂ္ဂိုလ်သည် မည်မျှအပြစ်ကင်းစင်သည်ဟု ယူဆသည်ဖြစ်စေ တရားဥပဒေအရ ငြိစွန်းပါက တရားဥပဒေအရ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
Cohesion News Agency မှ ဒေါ်ဆွေဇင်ဦး က ရုရှားနိုင်ငံမှ ရောက်ရှိလာမည့် စက်သုံးဆီများသည် မည်သည့်နေရာတွင် ရောက်ရှိနေပြီး မည်သည့်အခြေအနေတွင်ရှိနေကြောင်း မေးမြန်းသည်။
စက်သုံးဆီများ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိမည်
ဗိုလ်ချုပ် ဇော်မင်းထွန်း က ရုရှားနိုင်ငံမှ ရောက်ရှိလာမည့် စက်သုံးဆီများ ဖြန့်ဖြူးမှုအပိုင်းသည် Public Transportation သို့ အများအားဖြင့် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း၊ စက်သုံးဆီများနှင့် ပတ်သက်လျှင် လမ်းခရီးတွင် ကြန့်ကြာမှုရှိကြောင်း၊ ရုရှားနိုင်ငံမှထွက်လာပြီး လမ်းခရီးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း၊ မည်သည့်ရက်တွင် ရောက်ရှိမည်ကို အတိအကျ ဖြေကြားပေးနိုင်မည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။
လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာဒေါ်ခိုင် စံပယ်ဦး က ကျန်းမာရေးနှင့်ပတ်သက်သည့် မေးခွန်းမေးမြန်းလိုကြောင်း၊ ပရဟိတအဖွဲ့များအနေဖြင့် Accident ဖြစ်ပွားခဲ့သည့် နေရာမှလူနာကို လမ်းပေါ်မှကောက်ပြီး သက်ဆိုင်ရာ မြို့နယ်ဆေးရုံသို့ သွားရောက်ပို့ဆောင်သည့်အခါ ပြည်သူ့ဆေးရုံများမှ လူနာရှင်မပါရှိပါက လူနာကို ဆေးရုံတင်ခွင့်မပြုကြောင်း၊ လူနာတင်ကားပေါ်တွင်ထားရှိစေပြီး လူနာရှင်နှင့် အဆက်အသွယ်ရရှိမှသာ ဆေးရုံတင်ခွင့်ပြုကြောင်း၊ လူနာတစ်ဦးအား ယခုဆေးရုံမှ အဆင်မပြေ၍ နောက်ဆေးရုံတစ်ရုံသို့ ကုသမှု လိုအပ်ချက်အရ ရွှေ့ပြောင်းရာတွင်လည်း ဆေးရုံကား အသုံးမပြုဘဲ မူလခေါ်ယူလာသော လူနာတင်ကားကို ဖုန်းဆက်ခေါ်ယူ၍ အသုံးပြုခဲ့ကြောင်း၊ သက်ဆိုင်ရာဆေးရုံများမှ လူနာတင်ကားများလည်း ပုံမှန်လည်ပတ်နေသည်ဟု သိရကြောင်း၊ ယင်းကိစ္စကို မည်သို့ဖြေရှင်းပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းသည်။
ခွဲခြားခြင်းမရှိဘဲ ကုသပေးနေ
ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိပြောလိုသည်မှာ ပြည်သူ့ဆေးရုံများအနေဖြင့် လူနာရှင် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ခွဲခြားခြင်းမရှိဘဲ ကုသပေးနေပါကြောင်း၊ မိမိကိုယ်တိုင်လည်း ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ကတည်းက လူနာရှင်မပါဘဲ သေဆုံးပြီးမှ ရောက်လာသည့် Dead body များကို ဆေးရုံက တာဝန်ယူပြီး သင်္ဂြိုဟ်ပေးခဲ့ရကြောင်း၊ မီဒီယာကြီး ပြောခဲ့သည့်ဖြစ်စဉ်နှင့် နေရာကို အသေးစိတ်ပြောခဲ့စေလိုကြောင်း၊ သို့မှသာ တာဝန်ရှိသူများကို ထပ်ဆင့်တင်ပြပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar National Post မှ သတင်းထောက် ဦးငွေထွန်း က တပ်မတော်သားများနှင့် ပတ်သက်သည့် မေးခွန်းမေးမြန်းလိုကြောင်း၊ ပြန်တမ်းဝင် အရာရှိဖြစ်ခွင့်၊ မဖြစ်ခွင့်နှင့်ပတ်သတ်၍ အသက်အပိုင်းအခြား ခွဲခြားထားမှု အခြေအနေကို သိလိုကြောင်း၊ တပ်မတော်တွင် အရာခံဗိုလ်ရာထူးအနေဖြင့် A group, B group, C group များရှိကြောင်း၊ စစ်သက်၊ လုပ်သက်နှင့်တွက်ချက်ပြီး ၁/၉၆ တွင် သတ်မှတ်ထားသည့် သတ်မှတ်ချက်နှင့် အဆင်ပြေနေကြောင်း၊ ယခုနောက်ပိုင်း ၂/၂၀၁၃ နောက်ပိုင်း သတ်မှတ်ချက်အရ အရာခံဗိုလ်သက်နှင့် လုပ်သက်များအနက် အသက်ကို အဓိကထားသည့်အတွက် တစ်ပတ်စဉ်တည်း ကျောင်းဆင်းလာသည့် သူငယ်ချင်းအချင်းချင်း ပြန်တမ်းဝင်အရာရှိဖြစ်သူနှင့် အသက်(၁၈)နှစ်ကတည်းက တပ်ထဲဝင်လာသူက ကျန်ခဲ့ပြီး နောက်ထပ်အသက်ထပ်တိုးသည့်အခါ ၎င်းတို့မှာ အရာရှိအတူမဖြစ်ဘဲ ဂျူနီယာကျသူများထက်ပင် နောက်ကျကျန်ခဲ့ကြောင်း၊ မဖြစ်သေးသူများလည်းရှိကြောင်း၊ ၂၀၂၂ တွင် သတ်မှတ်ခဲ့သည့် အရာခံဗိုလ် လုပ်သက်၅၅ နှစ် စသည်တို့နှင့် ပတ်သက်ပြီး ပြင်ဆင်ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြန်လည်ဖြေကြားရာတွင် မိမိအနေဖြင့် အသေးစိတ်ကို သက်ဆိုင်ရာသို့ မေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားလိုကြောင်း ပြောကြားသည်။
တဲ့ပြောမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦး က ကော်သူးလေ ARMY အဖွဲ့ကို ခေါင်းဆောင်သူမှာ နယ်ဒါးမြဖြစ်ကြောင်း၊ ၎င်း၏ဖခင်မှာ KNU မှ ဗိုလ်ချုပ်ကြီးမြဖြစ်ကြောင်း၊ နယ်ဒါးမြမှာထိုင်း နိုင်ငံတွင်မွေးပြီး ထိုင်းနိုင်ငံသားဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံတွင် ကော်သူးလေ ARMY ဆိုပြီး ဖွဲ့စည်းခဲ့ပြီး မိမိတို့နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်းနှင့် ကုန်စည်စီးဆင်းမှုများကိုလည်း နှောင့်နှေးအောင် လုပ်ဆောင်နေကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသော လမ်းလုပ်သားများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ မြဝတီနှင့် ကော့ကရိတ် ဆက်သွယ်ထားသော လျှပ်စစ်တာဝါတိုင်များကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ မိမိတို့နိုင်ငံအား နိုင်ငံခြားသားမှ ကျူးကျော်ရန်ပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံစေလိုကြောင်း၊ ယခုဆိုလျှင် နယ်ဒါးမြ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတကာတွင် အလှူခံစားနေသော အဖွဲ့များနှင့်တွေ့ဆုံ၍ နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်း စီမံကိန်းများရေးဆွဲနေကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ကော်သူးလေ ARMY အဖွဲ့အစည်းကို မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးမှ မိမိကို ဖုန်းဆက်၍ အကူအညီတောင်းပြီး မေးခွန်းမေးမြန်း ခိုင်းထားမှုရှိကြောင်း၊ မြဝတီအာရှလမ်းပိုင်းလမ်းများ ပျက်စီးနေကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ပြုပြင်ပေးရန် ရှိ/မရှိနှင့် ဆောင်ရွက်မှုရှိပါက တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးမှ လုံခြုံရေးပါ ဆောင်ရွက်ပေးမည်ဟု ပြောကြောင်း မေးမြန်းသည်။
နယ်ဒါးမြအနေဖြင့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်မှုများရှိ
ဗိုလ်ချုပ် ဇော်မင်းထွန်း က နယ်ဒါးမြနှင့် ပတ်သက်ပြီး မိမိအနေဖြင့်ပြောလိုသည်မှာ ၎င်းတို့အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ကိုင်နေသူများအား သတ်ဖြတ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် KNU၊ KNDO အဖွဲ့မှ ခွဲထွက်၍ ကော်သူးလေ ARMY ကို ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ KNU၊ KNDO အဖွဲ့များမှ ကန့်ကွက်ခဲ့ကြောင်း၊ နယ်ဒါးမြအနေဖြင့် လက်နက်ကိုင်အဖွဲ့များ ထပ်မံဖွဲ့စည်းနေကြောင်း၊ အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများတွင် တိုက်ခိုက်မှုများရှိကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် KNU အဖွဲ့ကို ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ နယ်ဒါးမြအဖွဲ့ကိုတော့ စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြဝတီအာရှကားလမ်းပိုင်းအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆက်လက်သတင်းပေးပို့သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
Myanmar Public Press သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင် က ကျေးလက်ဒေသ တော်တော်များများတွင် ယခင်အစိုးရလက်ထက်ကတည်းက စရိတ်ကောက်ခံပြီး မီးလင်းရေး၊ ကျေးရွာဖွံ့ဖြိုးရေးများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တချို့မီးလင်းရေးအဖွဲ့အစည်းများက တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စာရင်းရှင်းခြင်း၊ ပြည်သူများရှေ့တွင် ပွင့်လင်းမြင်သာစွာ ရှင်းပြသော်လည်း တချို့မီးလင်းရေး ကော်မတီများက ယခုအစိုးရလက်ထက်ထိ မရှင်းပေးကြောင်း၊ ယင်းအပေါ်တွင် ကျေနပ်မှုမရှိသည့် ပြည်သူများက အဆင့်ဆင့်တိုင်ကြားခြင်း၊ တစ်ဦးနှင့်တစ်ဦး တရားစွဲခြင်းများ အချို့ဒေသများ၌ရှိသည့်အတွက် ယင်းကိစ္စအား အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ စိစစ်အရေးယူပေးခြင်း အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ကျေးလက်မီးလင်းရေးကော်မတီကို စဖွဲ့ကတည်းက ကျေးရွာသူ ကျေးရွာသားများက ၎င်းတို့၏ဆန္ဒသဘောထားအတိုင်း ရွေးချယ်တင်မြှောက် ဖွဲ့စည်းကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများက ယင်းတို့သဘောဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ကျေးရွာမီးလင်းရေးကော်မတီ လိုက်နာဆောင်ရွက်ရမည့် ဝန်ခံကတိပြုချက် ၁၂ ချက်ကို ထုတ်ပြန်ထားရှိ၍ လိုက်နာဆောင်ရွက်စေပြီး လိုအပ်သည့် နည်းပညာ အကူအညီများပေးကြောင်း၊ ယင်းနှင့်ပတ်သက်၍ ကျေးရွာမီးလင်းရေး၊ ငွေအလွဲသုံးစားပြုမှု၊ အငြင်းပွားမှု၊ မသမာမှုများဖြစ်လာလျှင် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ရန် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များအား တင်ပြ၍ အရေးယူဆောင်ရွက်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
ခေတ်ပုံရိပ်ဂျာနယ် အယ်ဒီတာချုပ် ဦးစိုးဝင်း က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားဟောင်းထိပ် သိမ်ဇရပ်မြို့၌ရှိသည့် စစ်တောင်းစက္ကူစက်ရုံတွင် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ၁-၉-၂၀၁၁ ရက်နေ့က ရော်ဘာတာယာစက်ရုံ တည်ဆောက်ရန်အတွက် အစိုးရထံမှ တစ်နှစ်လျှင် ကျပ်ငွေ ၁၂၆ သန်းဖြင့် ၁၀ နှစ် စာချုပ်ချုပ်၍ ငှားရမ်းခဲ့ပါကြောင်း၊ သို့သော် မအောင်မြင်ခဲ့သဖြင့် ယင်းကုမ္ပဏီမှ ၁၀-၁-၂၀၁၇ တွင် ပြည်နယ်အစိုးရအား ပြန်လည်အပ်နှံခဲ့ကြောင်း၊ သို့သော် ယင်းစက်ရုံသည် ယနေ့အချိန်ထိ အသုံးပြုခြင်းမရှိကြောင်း၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက် ယင်းနေရာအား အခြားစက်ရုံများ တည်ဆောက်ပေးနိုင်ခြင်း ရှိ/ မရှိနှင့် ယင်းစက်ရုံအတွင်း မြေဧကပေါင်း ၉၆၃၀ စက်မှုကုန်ကြမ်းစိုက်ပျိုးမြေများရှိကြောင်း၊ ယင်းမြေနေရာများကို ဒေသခံတောင်သူများအား ကောက်ပဲသီးနှံများ စိုက်ပျိုးခွင့် ပြု၊မပြု သိရှိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းထောက်ကြီး ပြောသွားသည့် သတင်းအချက်အလက်များကို သေချာစိစစ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်း၍ ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရွေ့လျားဆေးခန်းများ
နေပြည်တော်အွန်လိုင်းသတင်းအေဂျင်စီမှ လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင် က ကုန်ဈေးနှုန်း ကြီးမြင့်လာသည့်အပေါ်တွင် ပြည်သူများ ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အတွက်ကြောင့် စားဝတ်နေရေး အဆင်မပြေမှုများ၊ ကျန်းမာရေးဂရုစိုက်မှု အားနည်းလာသည့်အတွက်ကြောင့် အခြေခံလူတန်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရွေ့လျားဆေးခန်းများဖြင့် ဆေးကုသပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများတွင် ကျေးရွာရပ်ကွက်များအထိ ဆောင်ရွက်ပေးနေကြောင်း၊ အထူးဆေးကုသပေးရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူအင်အား အခက်အခဲရှိကြောင်း၊ မီဒီယာများသိရှိသည့်အတိုင်း CDM အများစုသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယခုအခြေအနေထိ ဖြစ်လာအောင် ကိုဗစ်-၁၉ တတိယလှိုင်းတွင် အတော်လုပ်ယူခဲ့ရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်၊ ဆရာမများသာမက တပ်မတော်ကလည်း ကူခဲ့ရသည်များရှိပါကြောင်း၊ လတ်တလောတွင် ကျန်းမာရေးဝန်ကြီးဌာနက အထူးဆေးကုသရေးအဖွဲ့ စေလွှတ်ခြင်းများရှိပါကြောင်း၊ ယခင်က ရှမ်းပြည်နယ်ဘက်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အလွန်ဖြစ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ သွားရောက်ပြီး အထူးဆေးကုရေးအဖွဲ့ဖြင့် သွားရောက်ဆောင်ရွက်ခဲ့ခြင်းများရှိပါကြောင်း၊ ရွေ့လျားဆေးကုသရေးနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ဆောင်ရွက်နေခြင်းများရှိပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ရပ်နားနေခြင်းများလည်း ရှိပါကြောင်း၊ လိုအပ်သည့်အချိန်တွင် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦး က ရုရှားခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကို မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဖိတ်ကြားခဲ့သည်ဟု သိရကြောင်း၊ ၎င်းအနေဖြင့် မည်သည့်အချိန်ခန့်တွင် လာရောက်နိုင်မည်ကို ဖြေကြားပေးရန် အဆင်ပြေပါက ဖြေကြားပေးစေလိုကြောင်း၊ မီဒီယာတစ်ခုက မေးမြန်းခဲ့သည့် မေးခွန်းတစ်ခုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရဘက်မှ NUG ဘက်သို့ SPY များ လွှတ်ထားပါသလားဆိုသည့်မေးခွန်းကို ဗိုလ်ချုပ်ကလည်း ရှိကောင်းရှိနိုင်သကဲ့သို့ မရှိလျှင်လည်း မရှိနိုင်ဘူးဟု ပြန်လည်ဖြေကြားခဲ့သည်ကို တွေ့ရကြောင်း၊ အကယ်၍ရှိခဲ့မည်ဖြစ်ပြီး ၎င်းတို့တစ်စုံတစ်ရာ နစ်နာဆုံးရှုံးခဲ့မည်ဆိုပါက ၎င်းတို့၏ မိသားစုအတွက် မည်ကဲ့သို့သော လျှို့ဝှက်ထောက်ပံ့မှုများ လုပ်ဆောင်ပေးသွားရန် စီစဉ်ထားသည်ကို သိလိုကြောင်း၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊လက်ရှိကာလတွင် AA ကြောင့် ဖြစ်ပေါ်လာသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ပြဿနာများ ဖြစ်လာနိုင်သဖြင့် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သွားရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း၊ အခြေခံပြည်သူများ လူမှုဘဝတည်ငြိမ်စေရန်အတွက် ယခုဈေးနှုန်း မြင့်တက်လျက်ရှိသည့် အခြေခံစားကုန်များကို GEC ကဲ့သို့သော ဆိုင်များဖွင့်လှစ်၍ ရောင်းချပေးသွားရန် ရှိ /မရှိ သိလိုကြောင်း မေးမြန်းသည်။
AA အဖွဲ့၏ လုပ်ရပ်များအပေါ်တွင်သာ မူတည်
ဗိုလ်ချုပ် ဇော်မင်းထွန်း က ရုရှားနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အစောပိုင်းတွင် မိမိအနေဖြင့် အကျယ်တဝင့် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ အပြန်အလှန်သွားလာမှုများနှင့် ဆက်ဆံမှုများရှိနေမည်ဖြစ်သည်ဟုသာ ပြောလိုကြောင်း၊ စုံစမ်းထောက်လှမ်းရေးနှင့် ပတ်သက်သည့်ကိစ္စကိုပြောရလျှင် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်သည့်ကိစ္စများ မည်သည့် နိုင်ငံတွင်ဖြစ်စေ သူ့အကန့်နှင့်သူ လုပ်ရကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး မေးမြန်းသည့်ကိစ္စ နှင့်ပတ်သက်၍ မိမိဖြေကြားနိုင်သည့်အဖြေမှာ “မသိပါဘူး၊ သိရင်လည်း ကျွန်တော်ဒီနေရာမှာ မရှိပါဘူး” ဟုသာ ပြောလိုကြောင်း၊ AA အဖွဲ့နှင့် ပတ်သက်၍ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းမှာ ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊ အခြေခံစားကုန်များနှင့် ပတ်သက်၍ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့်လည်း တချို့နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့် နေပြည်တော်တွင်လည်း နေပြည်တော် စည်ပင်သာယာရေးအဖွဲ့များ စသည့် ဒေသဆိုင်ရာအဖွဲ့များကလည်း ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ဆက်လက် တိုးချဲ့လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ပြန်လည်ဖြေကြားသည်။
General Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက် က လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ့အရေး၊ နိုင်ငံရေးစသည်ဖြင့် နိုင်ငံရေးအသိ ပညာပေးလုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်ပေးရန်အတွက် ပြည်သူများကို Wellness ပေးရန်၊ Participation များ ပြုလုပ်ပေးရန်အစီအစဉ် ရှိ/မရှိ သိလိုကြောင်း၊ ပြည်သူလူထုကို မည်ကဲ့သို့ သတင်းစကားပေးလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်သည်များကို အခြေခံမှစ၍ သင်ကြားပေး
ဗိုလ်ချုပ် ဇော်မင်းထွန်း က အဓိကအားဖြင့် ပညာရေးစနစ်တွင်ပါပြီးဖြစ်ကြောင်း၊ ပညာရေးစနစ်တွင် သင်ရိုးများ၊ တွဲဖက်သင်ရိုးများရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသည့် တွဲဖက်သင်ရိုးများ ကြည့်စေလိုကြောင်း၊ တွဲဖက် သင်ရိုးများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည်များကို အခြေခံမှစ၍ သင်ကြားပေးကြောင်း၊ ၅ တန်းမှစ၍ သင်ကြားပေးကြောင်း၊ ပြည်သူများထက် မီဒီယာများကို ဦးစွာပြောလိုကြောင်း၊ ပညာရေးဝန်ကြီးဌာနက ထုတ်ထားသည့်အတွက် ကျောင်းသားများပါမကျန် သင်ကြားပေးသော တွဲဖက်သင်ရိုးစာအုပ်များထဲတွင် ဒီမိုကရေစီ၏တန်ဖိုးများ၊ လူ့ကျင့်ဝတ်တန်ဖိုးများ၊ လူ့အခွင့်အရေးတန်ဖိုးများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တန်ဖိုးများအကြောင်း ရေးသားထားသည်ကို ဖတ်ကြည့်စေလိုကြောင်း၊ မီဒီယာများ မသိသေးသည်များ ပါရှိသည်ကို အာမခံကြောင်း၊ မိမိကိုယ်တိုင်ဖတ်ပြီး မသိသေးသည်များ များစွာပါရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့၏ ကျောင်းသားလူငယ်များအရွယ်မှစ၍ အသိပညာဖွံ့ဖြိုးမှု၊ နိုင်ငံရေးအနေဖြင့် မည်သို့လုပ်ရမည်၊ မည်ကဲ့သို့ ရင့်ကျက်ရမည်၊ လူအချင်းချင်း မည်ကဲ့သို့ ပေါင်းစည်းနေထိုင်ရမည်ကို ယင်းစာအုပ်များထဲတွင်ပါရှိပြီး ဖြစ်ကြောင်း၊ ထိုအချက်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးရုံးများသည် မြို့နယ်တိုင်းတွင် ရှိပြီးဖြစ်ကြောင်း၊ ယင်းစာအုပ်များလည်းရှိပါကြောင်း၊ မြို့နယ်တိုင်းရှိ စာကြည့်တိုက်များတွင် နံရံကပ်စာစောင်များ ပြုလုပ်နေရကြောင်း၊ မိမိတို့အနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ အစိုးရအနေဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်နိုင်သည်များကို လုပ်ဆောင်လျက်ရှိပြီး မိမိတို့၏ချို့ယွင်းအားနည်းချက်များလည်း ရှိနိုင်ကြောင်း၊ ယခုနေရာမှနေ၍ ပြည်သူလူထုကို အသိပေးလိုကြောင်း၊ သတင်းထောက်ကြီး ပြောသကဲ့သို့ မှန်ကန်နေပြီး တချို့ကိစ္စများသည် မဖြစ်သင့်ဘဲဖြစ်နေကြောင်း၊ နိုင်ငံရေး ရေချိန်အနေဖြင့် မပြည့်မီသေးကြောင်း၊ နည်းပါးသည်၊ ညံ့သည်ဟု မပြောလိုကြောင်း၊ မိမိကိုယ်တိုင်လည်း မပြည့်မီသေးကြောင်း၊ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရာတွင် ပညာရေးစနစ်မြင့်မားသည့်၊ အသိပညာမြင့်မားသည့် နိုင်ငံရေးအရ ရင့်ကျက်မှုရှိသည့် အဖွဲ့အစည်းများ ပေါ်ပေါက်ရန်လိုကြောင်း၊ ယင်းအဖွဲ့အစည်းများပေါ်ပေါက်ရန် တစ်ဦးချင်းစိတ်ဓာတ်ကောင်းများ၊ ခံယူချက်ကောင်းများလည်း ရှိရန်လိုကြောင်း၊ ယင်းစိတ်ဓာတ်နှင့် ခံယူချက်များသည် ဖတ်ခြင်း၊ မှတ်ခြင်း၊ နားထောင်ခြင်း၊ လေ့လာသင်ယူခြင်းများ ပြုလုပ်ခြင်းဖြင့် ရရှိမည်ဖြစ်ကြောင်း၊ ယင်းအချက်များကို လုပ်ဆောင်ရန် မိမိတို့တွင်ရှိသင့်သည့် အရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ ယင်းအရင်းအမြစ်များကို ပြည်သူလူထုအနေဖြင့် အသုံးချကြစေလိုကြောင်း၊ လက်ဆင့်ကမ်းကြရန် မိမိအနေဖြင့် ပြောကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်) က ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ မိသားစုသို့လွှဲငွေများကို တရားဝင်ဘဏ်များမှ လွှဲနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရှိရပါကြောင်း၊ အစည်းအဝေး ပြုလုပ်သည်ကိုလည်း သိရှိရကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကို သိလိုကြောင်း မေးမြန်းသည်။
လုံခြုံစိတ်ချရသော ငွေလွှဲပြောင်းမှု
ဗိုလ်ချုပ် ဇော်မင်းထွန်း က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်သမားအေဂျင်စီများမှ တစ်ဆင့်နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်ကြသူများကို နိုင်ငံခြားသို့ မပို့မီစည်းရုံး၍ တစ်ဦးချင်း ဘဏ်အကောင့်များဖွင့်ပေးရန် စီစဉ်ထားကြောင်း၊ ပူးပေါင်းဆောင်ရွက်နေသည့် အေဂျင်စီများလည်း ရှိကြောင်း၊ မိမိတို့အနေဖြင့် အာမခံချက်ရှိပြီး လုံခြုံစိတ်ချရသော ငွေလွှဲပြောင်းမှုမျိုးဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အေဂျင်စီများကလည်း ပူးပေါင်းဆောင်ရွက်ရန်ပြောလိုကြောင်း၊ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် ကန့်သတ်ထားခြင်းမျိုးမရှိကြောင်း၊ ဘဏ်၌မဖြစ်မနေလဲရမည်ဟု မဆိုလိုကြောင်း၊ ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူကို လွှဲပြောင်းပေးခြင်း၊ ဘဏ်ကိုရောင်းချခြင်းများရှိကြောင်း၊ ဘဏ်သို့ ရောင်းချရာတွင် မကွာသော ဈေးနှုန်းဖြင့် ရောင်းချပေးရမည် ဆိုသည်မှာ ဘဏ်အလိုက်ရှိကြောင်း၊ ယုံကြည်စိတ်ချနိုင်ကြောင်း၊ အေဂျင်စီများအနေဖြင့် မိမိနိုင်ငံသားများဖြစ်သောကြောင့် အကျိုးဆောင်ပေးကြရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း ပြန်လည်ဖြေကြားသည်။
ငွေစက္ကူအတု ပြဿနာ
နေပြည်တော်ဟစ်တိုင်သတင်းစုံ CEO ဦးသက်နိုင်ထွန်း က ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲအပြီးနှင့် ယခုသတင်းစာရှင်းလင်းပွဲကြားတွင် ငွေစက္ကူအတု ပြဿနာနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်ကို စုံစမ်းသိရှိရကြောင်း၊ ငွေစက္ကူအတု ရောင်းဝယ်ခြင်းပြုလုပ်သူများကို တိတိကျကျ ဖော်ထုတ်ဖြိုခွင်းခြင်း မပြုနိုင်ပါက ယင်းငွေစက္ကူအတုများသည် ပြည်သူလူထုကြားသို့ ရောက်ရှိပြီး မရှိဆင်းရဲသားများ၊ တိုင်းရင်းသားဒေသများရှိ ပြည်သူလူထုများသည် အတုမှန်းအစစ်မှန်းမသိဘဲ Wave Money ဆိုင်၊ မိသားစုအချင်းချင်း ဘဏ်တွင် ငွေသွားလွှဲခြင်း၊ ဈေးဆိုင်တွင် ဈေးဝယ်ရန် သုံးစွဲမိသည့်အခါမှ အတုမှန်းသိသဖြင့် အဖမ်းခံရနိုင်ကြောင်း၊ ထို့ကြောင့် ငွေစက္ကူအတုရောင်းဝယ်ခြင်း ကိစ္စများ ပိုမို၍တွင်ကျယ်မှု မရှိလာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အထူးကြပ်မတ်၍ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။
ငွေစက္ကူအတု Online ပေါ် ပျံ့နှံ့
ဗိုလ်ချုပ် ဇော်မင်းထွန်း က ငွေစက္ကူအတု ကိစ္စနှင့်ပတ်သက်၍ ယခင်သတင်းစာရှင်းလင်းပွဲများတွင် ပြောပြီးဖြစ်ကြောင်း၊ အများအားဖြင့် လိမ်ညာမှုများဖြစ်ပြီး အမှန်တကယ် ၎င်းတို့တွင် ဘာမှမရှိကြောင်း၊ Online ပေါ်မှ ငွေလိမ်ညာစားခြင်းဖြစ်ကြောင်း၊ ငွေစက္ကူအတုနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်မည်ဆိုလျှင် စာရင်းဇယားများအရ Online ပေါ်တွင် ပျံ့နှံ့နေသည့်နေရာများသည် ခြောက်ခုခန့်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ လိုက်လံစုံစမ်းသော အချိန်တွင် ငါးခုခန့်သည် အကောင့်အတုများဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့နှင့် ဆက်သွယ်သော အချိန်တွင် Online မှ ငွေမည်မျှ လွှဲပေးရန်ပြောပြီး လွှဲပြီးပါက ပြန်လည်ရရှိရန် အကြောင်းမရှိကြောင်း၊ ဗဟိုဘဏ်မှ ထုတ်သည့် နိုင်ငံတော်လုံခြုံရေးဆိုက်အရထုတ်သည့် ငွေစက္ကူကိုအတုပြုလုပ်ခြင်းသည် အင်မတန်ခဲယဉ်းသော ကိစ္စဖြစ်ကြောင်း၊ ငွေစက္ကူအတုသည် လုံခြုံရေးအရ သိသာကြောင်း၊ ငွေစက္ကူအတုနှင့် ပတ်သက်ပြီး ပျံ့နှံ့မှုတွင် ဖမ်းဆီးရမိသောအချိန်၌ အထုပ်အထည်ဖြင့် ဖမ်းဆီးရမိမှုမရှိကြောင်း၊ အဓိကအားဖြင့် ရောညှပ်သုံးစွဲခြင်း၊ ဘဏ်အပ်ငွေအထုပ်များထဲတွင် နှစ်ရွက်၊ သုံးရွက်စသည်ဖြင့် တွေ့နိုင်ကြောင်း၊ ပြည်သူလူထုနစ်နာသည်ကို မိမိတို့တွေ့ရကြောင်း၊ ပြည်သူလူထုအနေဖြင့် Online ပေါ်တွင် လုပ်နေခြင်းများသည် အစစ်အမှန်မရှိသည်များသာ ဖြစ်သည်ကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။
Queen For Peace News Angency မှ အယ်ဒီတာချုပ် ဒေါ်မျိုးပပဖြိုးဝေလွင် က ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့နယ်အတွင်းရှိ ပြည်သူများမှာ ပင်လယ်ရေလုပ်ငန်းနှင့် ဥယျာဉ်တောင်ယာ လုပ်ငန်းများလုပ်ကိုင်ကြပြီး အများစုမှာ ဥယျာဉ် တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဆီအုန်း၊ ရော်ဘာ၊ ကွမ်းသီးစသည့် သီးနှံများကို အများဆုံးစိုက်ပျိုးကြသူများဖြစ်ကြောင်း၊ အဆိုပါ တောင်သူများမှာ ရိုးသားစွာကြိုးစား လုပ်ကိုင်နေကြသူများဖြစ်ကြပြီး မိမိတို့မိဘများ၏ အမွေသော်လည်းကောင်း၊ မိမိ၏မြေယာသော်လည်းကောင်း၊ မြေလွတ်မြေရိုင်းများပေါ်၌လည်းကောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြသူများဖြစ်ကြောင်း၊ သို့သော် အဆိုပါ ဥယျာဉ်ခြံစိုက်တောင်သူများမှာ ယနေ့အချိန်အထိ ၎င်းတို့၏ ပိုင်ဆိုင်မှု အထောက်အထားအနေဖြင့် မြေဂရန်များ လုံးဝရရှိခြင်းမရှိသေးကြောင်း၊ ရရှိသူများမှာလည်း လူနည်းစုသာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများကို တင်ပြလျှောက်ထားသော်လည်း ထူးခြားမှုမရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မြေဂရန်မရရှိသေးသဖြင့် အခက်အခဲများ တွေ့ကြုံနေရသည့် ပြည်သူများအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ
ဗိုလ်ချုပ် ဇော်မင်းထွန်း က အယ်ဒီတာချုပ်ကြီး မေးမြန်းခဲ့သည့် မေးခွန်းနှင့်ပတ်သက်၍ ယခုသတင်းစာရှင်းလင်းပွဲတွင် မိမိဖြေကြားနိုင်သည့် မြေလွတ်မြေရိုင်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို ဖြေကြားပေးမည်ဖြစ်ကြောင်း၊ တချို့သောနေရာများတွင် လုပ်ထုံးလုပ်နည်းများအရ မှန်ကန်သော်လည်း မြေပြင်တွင်အခက်အခဲများ ကြုံတွေ့နေရသည့် အခြေအနေများရှိသည်ကို တွေ့ရကြောင်း၊ ၎င်းတို့တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့်ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများထံ တစ်ပါတည်း တင်ပြပေးလိုက်စေလိုကြောင်း၊ ၂၀၁၈ ခုနှစ် မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ခ)အရ ရယူလုပ်ကိုင် အသုံးပြုလျက်ရှိသည့် မြေလွတ်မြေရိုင်းဧရိယာနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းသည့်နေ့မှစ၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကော်မတီထံ သက်ဆိုင်ရာ ကော်မတီများမှတစ်ဆင့် လျှောက်ထားရမည် ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြေစာရင်းဦးစီးဌာန၏ ပြောပြချက်များအရ ဘုတ်ပြင်းခရိုင် ကရသူရိမြို့တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် လုပ်ပိုင်ခွင့်လျှောက်လွှာပုံစံ (၁) ၄၈၅စောင်ကို အခမဲ့ဖြန့်ဝေပေးထားသည်ဟု သိရကြောင်း၊ အဆိုပါ လျှောက်လွှာပုံစံ(၁)ဖြင့် တိုင်းဒေသကြီး မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားသူ ၄၈၅ဦး ရှိသည်ဟု သိရကြောင်း၊ မြေဧရိယာအနေဖြင့် ၁၂၆၃၂ ဧကရှိသည်ဟုလည်း သိရကြောင်း၊ တောင်သူ ၄၀ ၏ မြေဧရိယာ ၃၉၇ ဒသမ ၄၅ ဧကကို မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ပြုသည်ဟု သိရကြောင်း၊ ကျန်ရှိသည့်ပုံစံ(၁)ဖြင့် လျှောက်ထားသူ ၄၄၅ဦး၊ မြေဧရိယာ ၁၂၂၃၅ဧကနှင့်ပတ်သက်၍ ကန့်ကွက် လွှာခေါ်ယူခြင်း၊ လျှောက်ထားသည့်နေရာများကို မြေပြင်ကွင်းဆင်းစိစစ်ခြင်းနှင့် မြေပုံရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်ဟု သိရကြောင်း၊ ထပ်မံလျှောက်ထားလာသည့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့် မြေဧရိယာဧက ၃၀၀ နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်မြေ ဧရိယာဧက ၅၀ တို့ကိုလည်း စနစ်တကျ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေသည်ဟုလည်း ပြောထားကြောင်း။
မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများ၏ လုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း နှစ်ရှည်ပင် စိုက်ပျိုးမြေဖြစ်ပါက ခုနစ်နှစ်၊ ဥယျာဉ်သီးနှံ စိုက်ပျိုးမြေဖြစ်ပါက ငါးနှစ်၊ ရာသီသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်ပါက လေးနှစ်ဟု သတ်မှတ်ပေးထားကြောင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူများအတွက်လည်း ကုန်ကျစရိတ် များကိုလည်း သတ်မှတ်ပေးထားသည်ဟု သိရကြောင်း၊ မိမိအနေဖြင့် ယခုပြန်လည်ဖြေကြားခဲ့သည့် အချက်အလက်များကို အယ်ဒီတာချုပ်ကြီး မေးခွန်း ကြိုတင်မေးမြန်းစဉ်ကပင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ တောင်းယူထားသည့် အချက်အလက်များဖြစ်ကြောင်း၊ မြေပြင်အခြေအနေများနှင့် ကွဲလွဲလျှင်လည်း ကွဲလွဲနိုင်ကြောင်း၊ မိမိဖြေကြားခဲ့သည့် အချက်အလက်များနှင့် မြေပြင်အခြေအနေကွဲလွဲသည့် အချက်များရှိပါက ယခုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူထံ ပေးခဲ့စေလိုကြောင်း၊ ၎င်းတို့က ဆက်လက်ဆောင်ရွက်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မရှင်းလင်းသည့် အချက်များရှိပါက သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံ မေးမြန်းနိုင်သည်ဟုလည်း ပြောထားကြောင်း၊ ပုံစံ(၁)ဖြင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေများနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်ပေးသွားမည်ဟု ပြောထားကြောင်း၊ အမှန်တကယ် မြေပြင်တွင်ဖြစ်နေသည့် အခြေအနေများကို တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ ပေးခဲ့စေလိုကြောင်း ပြန်လည်ဖြေကြားသည်။
Drone ဖြင့် တိုက်ခိုက်နေမှုများ
မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာ ဦးကိုကိုကြီး က ကယားပြည်နယ် မိုးဗြဲဒေသ၌ ကရင်နီလက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF များ ပူးပေါင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်ဟု ကြားသိနေရကြောင်း၊ အဆိုပါ သောင်းကျန်းသူများ၏ ပစ်ခတ်မှုများကြောင့် ရှေးဟောင်းဘုရားများနှင့် နေအိမ်များပျက်စီးခြင်းများ ဖြစ်ပွားနေသည်ဟုလည်း မီဒီယာများက ဖော်ပြနေသည်ကို တွေ့ရကြောင်း၊ မိုးဗြဲဒေသ၏ တည်ငြိမ်အေးချမ်းမှု အခြေအနေကိုသိလိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သောင်းကျန်းသူများက Drone များကို အသုံးပြု၍ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းများကိုလည်း တိုက်ခိုက်နေကြသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ Drone ဖြင့် တိုက်ခိုက်နေမှုများကို မည်ကဲ့သို့ ကာကွယ်ပေးမည်ကို သိလိုကြောင်း၊ ထို့ပြင် Drone များ သယ်ဆောင်လာသူများကို ထိရောက်စွာ ဟန့်တားနိုင်မည့် ပြစ်ဒဏ်များချမှတ်ရန် လုပ်ဆောင်ရန်အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ အခြား မေးခွန်းတစ်ခုအနေဖြင့် M-Tube ကို မည်သည့်အချိန်တွင် စတင်အသုံးပြုမည်ကို သိလိုကြောင်း၊ ၁၉-၉-၂၀၂၂ ရက်က နိုင်ငံပိုင်သတင်းစာများတွင် M-Tube ၏ Trademark ကို ကြေညာထားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မည်သည့်အဆင့်အထိ ရောက်နေပြီနှင့် မည်သည့်အချိန်တွင် စတင်အသုံးပြုနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။
အကြမ်းဖက်လုပ်ရပ်များကို သင်ကြားပေးနေသည့် အဓိကအဖွဲ့အစည်းတစ်ခုဖြစ်
ဗိုလ်ချုပ် ဇော်မင်းထွန်း က ကယားပြည်နယ်အတွင်းရှိ မိုးဗြဲဒေသနှင့်အောက်ဘက်မှ ဖယ်ခုံဒေသများ အပါအဝင် ဒေသအချို့၌ ငြိမ်းချမ်းမှုမရှိသေးကြောင်း၊ လွိုင်ကော်ဒေသမှာမူ ယခင်က မြို့ပေါ်တွင်ပင်လျှင် လူမရှိသည့် အခြေအနေမှ ယခုနောက်ပိုင်းတွင် ပြန်လည်ဝင်ရောက် နေထိုင်နေကြပြီဖြစ်ကြောင်း၊ သို့သော် အောက်ပိုင်းတွင်ရှိနေသည့် ဖယ်ခုံကဲ့သို့သောနေရာများတွင်မူ လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ KNPP နှင့်ပတ်သက်ပါက ထိုအဖွဲ့အစည်းအနေဖြင့် ယခင်ကတည်းကပင် မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်သွားသည့် လူငယ်လူရွယ်များကို လက်ခံ၍ အကြမ်းဖက်လုပ်ရပ်များကို သင်ကြားပေးနေသည့် အဓိကအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုကြောင်း၊ Drone များနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် သက်ဆိုင်ရာအရေးကြီးသည့် နေရာများနှင့် လူနေအဆောက်အအုံများကို Anti-Drone Gun များ တပ်ဆင်ပေးလျက်ရှိကြောင်း၊ အားလုံးအပြည့်အစုံ တပ်ဆင်နိုင်ခြင်းမရှိသေးကြောင်း၊ Drone များမှာလည်း ရိုးရိုးပစ်ချ၍ရသည့် Drone များမဟုတ်ဘဲ Anti-Drone Gun နှင့်သာ ပစ်ချနိုင်သည့် Drone များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုကိစ္စများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်ဟုသာ ပြောလိုကြောင်း၊ M-Tube ကိစ္စနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက လုပ်ဆောင်နေဆဲ လုပ်ငန်းတစ်ခုအဆင့်တွင်သာ ရှိသေးကြောင်း၊ မှတ်ပုံတင်ထားပြီး လုပ်ငန်းစဉ်များစွာ ကျန်ရှိနေသေးကြောင်း၊ တိုးချဲ့လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် လက်တွေ့ အသုံးပြုရမည့် လုပ်ငန်းများရှိသေးကြောင်း၊ လက်တွေ့အသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာများနှင့် Website များပင်လျှင် အသုံးပြုနေရင်းဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်နေရကြောင်း၊ M-Tube ၏ လက်ရှိအခြေအနေမှာ စမ်းသပ်ဆဲအဆင့်တွင်သာ ရှိသေးသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
နေပြည်တော် အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာချုပ်ဦးမင်းမောင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်တွင်းမီဒီယာများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အစီအစဉ်ဆွဲ၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နှစ်ကြိမ်အထိ ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ဆက်လက် ထိုးနှံပေးခြင်းမရှိသဖြင့် ဆက်လက်ထိုးနှံပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ စက်တင်ဘာလ ဒုတိယအပတ်တွင် ကိုဗစ် ကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့ မြင့်တက်လာမှုအပေါ် ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် အစိုးရအနေဖြင့် ကာကွယ်ဆေးများ လုံလောက်စွာ ကြိုတင်ပြင်ဆင်ပြီးဖြစ်၊ မဖြစ်သိလိုကြောင်း၊ မည်သည့်အတိုင်းအတာအထိ ပြင်ဆင်ပြီးဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကာကွယ်ဆေးဝယ်ယူခြင်းနှင့် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့် အခြေအနေများကို ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် ကျယ်ကျယ်ပြန့်ပြန် ပြောပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ Myancopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လစဉ်တွက်ချက်၍ ထုတ်လုပ်လျက်ရှိကြောင်း၊ ဝယ်ယူထားပြီး ရောက်ရှိ ရန်ကျန်နေသည့် ကာကွယ်ဆေးများလည်း ရှိပါကြောင်း၊ ကာကွယ်ဆေးလုံလောက်မှုရှိသည်ဟု ပြောလိုကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအခြေအနေနှင့် ကာကွယ်ဆေးလုံလောက်မှု အခြေအနေ အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက ရှင်းလင်းပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ရွေ့လျားကာကွယ်ဆေးထိုးစုရပ်များအဖြစ် လိုက်လံထိုးနှံပေးလျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုး က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရရှိမှုအနေဖြင့် ဝန်ကြီးဌာနအနေဖြင့်ရရှိမှု ၈၁ ဒသမ ၄၉ သန်းကျော် ရရှိပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် တပ်မတော်နှင့် ပုဂ္ဂလိကကဏ္ဍမှကာကွယ် ဆေးများကိုပါ ထည့်တွက်မည်ဆိုပါက စုစုပေါင်း ၈၃ ဒသမ ၁၂ သန်းကျော် Dose ရရှိ ပြီးဖြစ်ကြောင်း၊ ထိုကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုသို့ထိုးနှံပေးရာတွင် အသက် ၅ နှစ်မှ ၁၈ နှစ်အရွယ်အထိ အကျုံးဝင်သူများအားလုံးကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးလျက်ရှိကြောင်း၊ အသက် ၁၂ နှစ်မှ ၁၈နှစ် အရွယ် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးချိန်တွင် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း၊ ထို့ပြင် အသက် ၁၈ နှစ်ပြည့်ပြီးသူ အားလုံးကိုလည်း အကြိမ်ပြည့်ပေးလျက်ရှိသည့်အပြင် အကြိမ်ပြည့်ထိုးနှံပြီးစီး၍ ခြောက်လပြည့်သည့် အချိန်တွင် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးသည့်အပြင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီး၍ နောက်ထပ် ခြောက်လပြည့်သည့် အချိန်တွင်လည်း အပိုထပ်ဆောင်းကာကွယ်ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း၊ မိမိတို့တွင် ကာကွယ်ဆေးလက်ကျန်ပမာဏ သန်းနှင့်ချီ၍ ကျန်ရှိနေသေးကြောင်း၊ မကြာမီရောက်ရှိလာမည့် ကာကွယ်ဆေးအရေအတွက်မှာလည်း သန်းပေါင်း များစွာရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံမှုအပေါ် စိတ်ပူရန်မလိုဘဲ လာရောက်ထိုးနှံကြရန် အလွန်အရေးကြီးပါကြောင်း၊ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် အုပ်စုများတွင်သာ ရောဂါဖြစ်ပွားမှုနှင့် ရောဂါပြင်းထန်မှုကို တွေ့မြင်နေရကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားသည့် အုပ်စုများနှင့် Booster ဆေးထိုးနှံထားသည့် အုပ်စုများတွင် ရောဂါဖြစ်ပွားမှုနည်းပါး သကဲ့သို့ ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးမှုအခြေအနေ အင်မတန်နည်းပါးကြောင်းကိုလည်း တင်ပြ အသိပေးပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံကြရန်နှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှုများကိုလည်း မဖြစ်မနေ ထိုးနှံကြရန် အလွန်အရေးကြီးပါကြောင်း၊ ထို့အတွက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဒေသန္တရ ကျန်းမာရေးဌာနများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများကို အခြေပြု၍ ကာကွယ်ဆေးထိုးစုရပ် များဖွင့်လှစ်ထားပါကြောင်း၊ ထို့ပြင်လူစုလူဝေး ရှိသည့် ဘိုးဘွားရိပ်သာများ၊ လူအများ စုဝေးမှုရှိသည့် နေရာများနှင့် အားကစားသမားများ လေ့ကျင့်သည့်နေရာများတွင် ရွေ့လျားကာကွယ်ဆေး ထိုးစုရပ်များအဖြစ် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးထိုးစုရပ်များ၊ နီးစပ်ရာ ကျန်းမာရေးဌာနများအပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြရန် ထပ်မံပြောကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။ ။