Skip to main content

(၇၅) နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ပြုလုပ်

နေပြည်တော် စက်တင်ဘာ ၂၇

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံး အကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်သည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဒုတိယဗိုလ်မှူးကြီး သူရိန်ကျော်မြင့်တို့ ဦးစီးသော ခွဲစိတ်ပါရဂူအဖွဲ့၊ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်ယုအေးလတ်ဦးစီးသော မေ့ဆေးနှင့်အထူးကြပ်မတ်ကုသမှုအဖွဲ့ တို့နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Apollo Hospital မှ အသည်းအစားထိုး ခွဲစိတ်ဆရာဝန်ကြီး Dr. Neerav Goyal ဦးဆောင်သော အသည်းအစားထိုး ခွဲစိတ် ကုသမှုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တွင် ခွဲစိတ်ဆရာဝန်များအဖြစ် Dr. Neerav Goyal နှင့် Dr. Arun Kumar၊ မေ့ဆေး ဆရာဝန်များအဖြစ် Dr. Sanjeev Aneja နှင့် Dr. Anupam Raj ၊ အထူးကြပ်မတ်ကုသမှု ဆရာဝန်အဖြစ် Dr. Arvind Jerome Bose ၊ ခွဲစိတ်ခန်းသူနာပြုများအဖြစ် Mr. Krishna Pathivada နှင့် Ms. Priya Shanthi Lewis ၊ ခွဲစိတ်ခန်း/ မေ့ဆေးအကူကျွမ်းကျင်သူအဖြစ် Mr. Priyank Uphdayay တို့ ပါဝင်ခဲ့ကြသည်။

ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့

အဆိုပါ အသည်းအစားထိုးကုသမှုတွင် တပ်ခွဲတပ်ကြပ်ကြီး အောင်ချစ်ဝင်းနှင့် အသည်း အလှူရှင်ဖြစ်သည့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မျိုးသူဇာတို့ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်း ထုတ်ယူခြင်းကို ယနေ့နံနက်ပိုင်းတွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို နေ့လယ်ပိုင်းတွင် အသည်းလက်ခံလူနာထံသို့ အသည်းအစားထိုးခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်း လက်ခံလူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြား‌ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်နှင့် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ) မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်