နေပြည်တော် စက်တင်ဘာ ၂၇
လာမည့်ပညာသင်နှစ်မှ စတင်ပြီး ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယနေ့ကျင်းပသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းကော်မတီ(ပထမအကြိမ်) အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူမှု အခွင့်အလမ်းများရရှိစေရန်အတွက် မည်သည့်ခွဲခြားမှုမျိုးမှ မရှိစေဘဲကျောင်းသို့ ရောက်ရှိစေရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း KG+9 အခြေခံပညာ သင်ယူပြီးမြောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ KG+9 အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေး အထက်တန်းကျောင်း၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် နည်းပညာ အထက်တန်းကျောင်းများသို့ တက်ရောက်လိုပါက တက်ရောက်နိုင်ကြောင်း၊ KG+9 ပြီးမြောက်သည်နှင့် သက်မွေးပညာသင်ကြားလိုသူများ ဆက်လက်သင်ယူနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ထားကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခြင်းဖြစ်ပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ကုသရေးဦးစီးမှူးများ တက်ရောက်ကြကာ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ကျောင်းပြင်ပပညာရေး လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး၊ ကုသရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးကြကြောင်း သိရသည်။
ထို့ပြင် ယင်းအစည်းအဝေး၌ ဒုတိယဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်ရှိ ကျောင်းပေါင်း ၃၃၁၆ ကျောင်း၌ ဆရာဆရာမ ၂၅၆၁၁ ဦးဖြင့် ကျောင်းသားဦးရေ ၅၅၉၉၀၇ ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ယခုပညာသင်နှစ်တွင် မူလတန်းအဆင့်သင်၊ အလယ်တန်းအဆင့်သင်၊ အထက်တန်းအဆင့်သင် ကျောင်းပေါင်း ၁၉၂ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ပညာရေးကဏ္ဍအနေဖြင့် လိုအပ်သည်များကို မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေးအတွက် ပြန်လည်ဝင်ရောက်လာသည့် ကလေးများ၏ အသက်အရွယ်၊ ဉာဏ်ပညာနှင့် လိုက်ဖက်စွာ KG+9 အခြေခံပညာ သင်ယူနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအဖွဲ့များအနေဖြင့် မိမိတို့ တာဝန်ကျရာကဏ္ဍအလိုက် လုပ်ငန်းများ အောင်မြင်ပြီးမြောက်ရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
သတင်းစဉ်