Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၉-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၉၀၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၅၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၇၆) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၀၃၁,၇၃၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၂၂,၀၄၂) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၃၉) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၇,၄၂၁) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁၉,၄၅၅) ဦး ရှိပါသည်။

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၂၆-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း (၁၄၅) ဦးရှိရာ ၎င်းတို့အနက် (၁၀၂) ဦး (၇၀  ရာခိုင်နှုန်း) မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည့် နာတာရှည် ရောဂါအခံ တစ်ခုခုရှိသူများ ဖြစ်ကြပါသည်။  အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါ ရောဂါအခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ (၈၁.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိသူများ ဖြစ်ကြပြီး  (၁၇.၂) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့် (၁.၄) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများအတွင်း နာတာရှည် ရောဂါ ရောဂါအခံရှိသူများ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို  လေ့လာသုံးသပ်ချက်အရ အဆိုပါပုဂ္ဂိုလ်များအနက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသူများနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို သိသာစွာ လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည်တို့ကဲ့သို့သော နာတာရှည်ရောဂါအခံ တစ်ခုခုရှိသူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းတို့အပြင် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။