နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က နိုင်ငံတော် ဝန်ကြီးချုပ်၏ ရုရှားခရီးစဉ်တွင် နျူကလီးယား စွမ်းအင်အသုံးချရေးတွင် မြန်မာနိုင်ငံနှင့် အကျိုးတူ သဘောတူညီမှု ရရှိခဲ့သည့်အပေါ်တွင် မြန်မာနိုင်ငံ၌ နျူကလီးယားစွမ်းအင်မည်သည့်အချိန်တွင် အကောင်အထည်ဖော်အသုံးပြုမည်ကို သိလိုပါကြောင်းနှင့် ရုရှားသမ္မတကြီးအပါအဝင် ရုရှား ပြည်နယ်အစိုးရများ၏ ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရှိ၊ မရှိ သိလို ကြောင်း၊ ဆက်စပ်မေးခွန်းအနေဖြင့် NLD အစွန်း ရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများ၊ ပြည်ပြေး၊ ဝရမ်းပြေးများ၏ လှုံ့ဆော်မှုကြောင့် မြို့နယ်တိုင်းတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုဆူပူအကြမ်းဖက်မှုများထဲမှ တပ်မတော်သား မိသားစုဝင်တချို့လည်း ပါဝင်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းရှိကြောင်း၊ ရောနှောပါသွားသည့် အခြေအနေများရှိကြောင်း၊ နွားထိုးကြီးမြို့နယ်တွင် ဖြစ်သွားကြောင်း၊ ၎င်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲထံ သနားငဲ့ညှာစာနာပေးပါရန် တင်ပြထားပါကြောင်း၊ ထိုကိစ္စကို ပြန်လည်စဉ်းစား သုံးသပ်ပြီး ဖြေလျှော့ပေးရန် ပြောလိုပါကြောင်း၊ လတ်တလောတွင် PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကို ရုပ်သံတွင်မြင်တွေ့နေရခြင်းသည် ရိုးရိုးသာမန်အဆင့် သတ်ဖြတ်ခြင်းမျိုးမဟုတ် ဘဲ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခြင်းကို လူမှုကွန်ရက်ရုပ်သံများတွင် ဖြန့်ဝေကြောင်း၊ မိမိတို့ မည်သည့်အရာနှင့် ဆက်စပ်မြင်သလဲဆိုလျှင် ကမ္ဘာအရပ်ရပ်တွင် IS အစွန်းရောက် အကြမ်းဖက် အဖွဲ့ပေါ်လာကြောင်း၊ ပေါ်လာပြီး ဂျပန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသားများကို Studio အခန်းထဲ၌ စနစ်တကျ လည်လှီးပြီးသတ်နေသည့်ပုံကို ကမ္ဘာကို ခြောက်လှန့်ခဲ့သည့် ပုံစံမျိုး၊ ယခု မိမိတို့တိုင်းပြည်တွင် ဖြစ်နေသည့် NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ လက်ကိုင်တုတ် PDF သည် ထိုသို့ ဘာသာရေးအစွန်းရောက်များ၏ ဦးဆောင်မှုနောက်တွင် ရောက်နေပြီလား၊ ထိုကိစ္စအပေါ်တွင် ဗိုလ်ချုပ်အနေဖြင့် မည်သို့သုံးသပ်ပါသလဲ၊ ပြည်သူများ အနေဖြင့် မည်မျှသတိပြုသင့် ပါသလဲဆိုသည်ကို ရှင်းပြပေးစေလိုကြောင်း မေးမြန်းသည်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်
ဗိုလ်ချုပ် ဇော်မင်းထွန်း က နျူကလီးယားကိစ္စသည် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးချရေးနည်းလမ်းကို အသုံးချသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အနေဖြင့် အဏုမြူစွမ်းအင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များ ရရှိရန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှစ်ခုကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုစာချွန်လွှာနှစ်ခုမှ နျူကလီးယား စွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များရရှိရန် ပူးပေါင်း ဆောင်ရွက်ရေးကို နားလည်မှုစာချွန်လွှာအကောင် အထည်ဖော်ရန်အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဏုမြူစွမ်းအင်ဦးစီးဌာနအနေဖြင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်တွင်ထူထောင်နိုင်ရေး စတင်လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင် ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို အသိမပေးဘဲ လုပ်ဆောင်သွားမည်မဟုတ် ကြောင်း၊ ပထမဆုံးအဆင့် ပြည်သူလူထုကို နျူကလီးယားစွမ်းအင်နှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးပြုရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်စင်တာကို ရန်ကုန်တွင် စတင်တည်ထောင်ရန် ရည်ရွယ်ထားကြောင်း၊ ယခုရုရှားခရီးစဉ်တွင် Road Map နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရေး၊ ကဏ္ဍပေါင်းစုံ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်နိုင်ရေးများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း။
ပထမဦးဆုံးအနေဖြင့် အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ချက် ခန့်မှန်းခြေမှာ နှစ်ပိုင်းအတွင်း ဖြစ်ပေါ်လာမည်ဟုပြောလိုကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရန်အတွက် အသိပညာပေးခြင်း၊ သတင်းဖြန့်ဖြူးခြင်းများကို အရင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက် လှုံ့ဆော်မှုကြောင့် ပါဝင်ပတ်သက်သည့်သူများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားသည့်ဖြစ်စဉ် များရှိကြောင်း၊ တချို့မှာ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှုမရှိသော်လည်း အထောက်အထား အစုံအလင်ဖြင့် တိုင်ကြားခံရသူများလည်း ရှိပါကြောင်း၊ ထိုသို့တိုင်ကြားခံရသဖြင့် မေးမြန်းခြင်း ခံရသူများလည်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် ထိုကိစ္စများနှင့် ပတ်သက်၍ သတင်းစာများတွင် လည်း ကြေညာပြီးဖြစ်ကြောင်း၊ ထိုသို့သော ကိစ္စများကို ဖြေလျှော့ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီး ဌာနသို့တင်ပြခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ တင်ပြပြီးပါက ပြည်ထဲရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ မေးမြန်းခြင်း၊ စုံစမ်းခြင်းနှင့် ဖြေလျှော့ပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိသည်ဟု ပြောလိုကြောင်းနှင့် သက်ဆိုင်ရာသို့ စာတင်ရန်လိုအပ်ကြောင်း။
PDF အကြမ်းဖက်များ၏ လုပ်ဆောင်မှုများကို အွန်လိုင်းပေါ်တွင် အမြဲတမ်းမြင်နေရကြောင်း၊ တချို့နေရာများတွင် လည်လှီးသတ်ဖြတ်ခြင်း၊ အချက်ပေါင်းများစွာ ဓားဖြင့် စိမ်ပြေနပြေထိုးခြင်း၊ IS များကဲ့သို့ အကြမ်းဖက်အဖွဲ့မျိုးနီးပါး ဖြစ်ခြင်းဖြစ်ကြောင်း၊ ဘာသာရေးနှင့်ဆက်နွှယ်သည်ဟု ပြောသော်လည်း ယခင်ကတည်းကပင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို အဓိကထားတိုက်ခိုက်နေသည့် အဖွဲ့အစည်းနှစ်ခုရှိကြောင်း၊ နံပါတ်တစ်အဖွဲ့ အစည်းသည် သာသနာနှင့်ပတ်သက်သည့် အဖွဲ့ အစည်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာအစဉ်အလာ၊ မြန်မာနိုင်ငံ၏ ရပ်တည်မှုကို ထိန်းထားခြင်း ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာသည် ဘာသာတရားမှ ဆင်းသက်လာခြင်းဖြစ်သည့် အတွက် ၎င်းတို့အနေဖြင့် ထိုအဖွဲ့အစည်းကို သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ် ရေးတာဝန်ယူနေသည့် အဖွဲ့အစည်းကို သတ်ဖြတ်ခြင်းလုပ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်သည့် အတွက် ယခင်ကတည်းကပင် သွေးထိုးလှုံ့ဆော်မှုများရှိကြောင်း၊ အဓိကမှာ ဘာသာရေးအကြောင်းအရာထက် ဘာသာရေးကို ဖြိုဖျက်ချင်သည့်အတွက် အကြမ်းဖက်လှုံ့ဆော်မှု လုပ်ငန်းများ လုပ်နေသည်ဟု ပြောလိုကြောင်း ဖြေကြားသည်။
AA အဖွဲ့သည် စစ်ရေးပြင်းပြင်းထန်ထန် လှုပ်ရှားမှုများ ပြုလုပ်နေ
People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦး က ပြီးခဲ့သည့်ရက်ပိုင်းက အကြမ်း ဖက်မှုနှင့် ထောင်ဒဏ်ကျခံနေရသူ လေးဦးနှင့် ထောင်ဒဏ် ငါးနှစ် ကျခံထားရသူတစ်ဦး၊ စုစုပေါင်း ငါးဦး ပခုက္ကူထောင်မှ ထွက်ပြေးသွားသည်ဟု သတင်းများထွက်နေကြောင်း၊ ယင်းအခြေအနေကို PDF များကထောင်ထဲမှထွက်လာသည်ဟု ထုတ်ပြန် ထားသည်ကိုလည်း တွေ့ရကြောင်း၊ ယင်းကိစ္စသည် ထူးခြားနေကြောင်း၊ ၎င်းတို့မည်ကဲ့သို့ ထောင်ထဲမှ ထွက်သွားသည်ကို သိလိုပါကြောင်း၊ ထိုထောင်ကို တာဝန်ယူခဲ့သည့် ထောင်ပိုင်ကဲ့သို့သော တာဝန်ရှိသူများကို မည်ကဲ့သို့ဆောင်ရွက်နေသည်ကို သိလိုကြောင်း၊ AA အဖွဲ့သည် ပလက်ဝနှင့် ရခိုင် ပြည်နယ်မြောက်ပိုင်းတို့၌ ပြီးခဲ့သည့်လမှ ယခုလ ဒုတိယပတ်အထိ စစ်ရေးပြင်းပြင်းထန်ထန်လှုပ်ရှား မှုများပြုလုပ်နေသည်ကို တွေ့ရကြောင်း၊ AA အဖွဲ့ ၏ စစ်ရေးရည်မှန်းချက်သည် မည်သို့ဖြစ်မည်ကို သိလိုကြောင်း၊ တပ်မတော်က AA အဖွဲ့အပေါ် ထားရှိသည့် သဘောထားများကို မည်ကဲ့သို့ ရှိသည် ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က ပခုက္ကူအကျဉ်း ထောင်မှ ထွက်ပြေးသည့်ကိစ္စမှာ ပြစ်ဒဏ်ကျခံနေ ရသည့် အကျဉ်းသားတစ်ဦးနှင့် အချုပ်သား လေးဦး ထွက်ပြေးလွတ်မြောက်ခြင်းဖြစ်စဉ်သည် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး ၎င်းတို့အိပ်ဆောင်၏ ဘာယာတန်း အောက်ခြေအား လူတစ်ကိုယ်စာထွက်နိုင်ရန် ချိုးဖဲ့ပြီး အကျဉ်းထောင်အုတ်ရိုးကိုလည်း ၎င်းတို့၏ ပုံစံ ပုဆိုးများနှင့်စောင်များကို ချည်နှောင်ပြီး ကြိုးကဲ့သို့ တစ်ခုနှင့်တစ်ခုဆက်၍အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ သို့သော် တာဝန်ပေါ့လျော့မှုကြောင့် ထွက်ပြေးလွတ်မြောက် သွားခြင်းဖြစ်သဖြင့် အရေးယူအပြစ်ပေးနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ပြောလိုကြောင်း၊ AA နှင့်ပတ်သက်ပြီး ထူးထူး ခြားခြားတွေ့ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်များတွင် AA အဖွဲ့နှင့် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ခဲ့ ကြောင်း၊ ပလက်ဝ၊ ကျောက်တော်အထက်ပိုင်း၊ မင်းပြားဘက်တွင် တိုက်ပွဲများဖြစ်ခဲ့ကြောင်း၊ ယခုချိန်တွင် ထိုနေရာများ၌ တိုက်ပွဲမဖြစ်ပွားဘဲ ဘူးသီးတောင်၊ မောင်တောဘက်တွင် ဖြစ်နေ ကြောင်း၊ ထို့နောက် ARSA အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုသည့် ရခိုင်ပြည်သူလူထုအနေဖြင့် သတိရှိရန်လိုသည်ဟု မိမိပြောလိုကြောင်း၊ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးစု မည်မျှရှိသည်နှင့် ကျန်သည့်လူမျိုးများ၏ လူဦးရေမည်မျှရှိသည်ကို ရခိုင်လူမျိုးများ အသိဆုံးဖြစ်ကြောင်း၊ တစ်ဖက်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲကင်းစခန်းများ တိုက်ခိုက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ AA သည် ပထမဦးဆုံး တိုက်ပွဲကို ဂုတ်ပိဘက်မှ နယ်ခြားစောင့်ရဲစခန်း လေးခုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိုရဲစခန်း များသည် ဘူးသီးတောင်နှင့် မောင်တောကြားတွင်ရှိသည့် အဓိက လူသွားလူလာ၊ တရားမဝင် ခိုးကူးများကို ထိန်းချုပ်သည့်နေရာဖြစ်ကြောင်း၊ ယခုချိန်တွင် တောင်ပြိုဝဲ၊ တောင်ပြိုယာနှင့် BP-40 တို့သည် တစ်ဖက်မှတစ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်ကြ သူများ၏ ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် နေရာများဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် နောက်ကွယ်တွင် မည်သည့်အကြံ အစည်ရှိသည်ကို သိရကြောင်း၊ သို့သော် သတိပေးလိုသည်မှာ ယင်းဒေသတွင်ရှိသည့် လူဦးရေအချိုးအစားကို တွက်ကြည့်သင့်ကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းသည် မိမိပြောခဲ့သလို တပ်မတော်ဘက်ကပဲ ထိခိုက်ဒဏ်ရာရသည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်များ သေဆုံးသည် ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ၊ မိမိနိုင်ငံသားများ ဆုံးရှုံးခြင်းသာဖြစ်ကြောင်း၊ မိမိနိုင်ငံသားများ ယင်းနယ်မြေတွင်မရှိလျှင် မည်သူတို့ ဝင်လာမည်ကို ၎င်းတို့အသိဆုံးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ခြမ်းတစ်ခုလုံးတွင် မည်သူတို့ ကြီးစိုးလိမ့် မည်ဆိုသည်ကို ၎င်းတို့အသိဆုံးဖြစ်ကြောင်း၊ ယင်းကိစ္စများကို သတိပြုရန်လိုကြောင်း ဖြေကြား သည်။
ရွှေဒင်္ဂါးပြားများ ရောင်းချပေးနေ
One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင် က သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေဒင်္ဂါးပြားများ ရောင်းချပေးနေခြင်းသည် ယခုအချိန်ထိမည်မျှထိရောင်းချပေးပြီးသည်ကို သိလိုကြောင်း၊ ဈေးနှုန်းမည်မျှဖြင့်၊ မည်သည့်ပုံစံဖြင့် ရောင်းချပေးနေသည်ကို သိလိုကြောင်းနှင့် နေပြည်တော် တစ်နေရာတည်းတွင်သာ ရောင်းချပေးနေခြင်း ဟုတ်၊ မဟုတ်၊ ထပ်မံတိုးချဲ့ပေးရန် စီစဉ်ထားခြင်း ရှိ/မရှိနှင့် အခြားမည်သည့်နေရာများတွင် ရောင်းချပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်၊၊
ဗိုလ်ချုပ် ဇော်မင်းထွန်း က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်အထိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ အလေးချိန် ၄၅၅ ဒသမ ၇၅ ကျပ်သား ရောင်းချပေးပြီးဖြစ်ကြောင်း၊ ရောင်းချပေးသည့် ပုံစံမှာ လူတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြပြီး ရွှေဒင်္ဂါးပြားတစ်ပြားကို တစ်ကြိမ် လက်ငင်း ငွေသားဖြင့် ရောင်းချပေးကြောင်း၊ ထို့နောက် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား ရွှေဒင်္ဂါး ပြားများ ရောင်းချပေးလျက်ရှိကြောင်း၊ ရွှေဒင်္ဂါးပြား များကို တစ်ကျပ်သားလျှင် ၂၉ သိန်း ငါးသောင်း၊ စက်တင်ဘာ ၁၃ ရက်အထိ တစ်ကျပ်သားကို နှစ်ဆယ့်ရှစ်သိန်းငါးသောင်း၊ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှုန်းဖြင့် ရောင်းချပေးနေကြောင်း၊ နေပြည်တော်တွင်သာ ရောင်းချပေးရန် ရှိကြောင်း၊ ကျန်သည့်နေရာများတွင် ရောင်းချပေးရန် လတ်တလော အစီအစဉ်မရှိကြောင်း ဖြေကြားသည်။
BLoomberg Myanmar မှ ဒေါ်ပိုးသိင်္ဂီကျော် က ယနေ့ အခြေခံစားသောက်ကုန်စျေးနှုန်းများ သည် တစ်နေ့ထက်တစ်နေ့ မြင့်တက်နေကြောင်း၊ ဆန်၊ ဆီ၊ အသား၊ ငါး၊ အသီးအရွက်၊ ကြက်ဥ၊ ဘဲဥ စျေးနှုန်းများကအစ မြင့်တက်နေကြောင်း၊ ဝင်ငွေ၊ ထွက်ငွေမမျှတမှုများကို မိသားစုများ၊ လုပ်ငန်းကြီး၊ ငယ်မရွေးကြုံတွေ့နေရကြောင်း၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး ဝင်ငွေ၊ ထွက်ငွေ မျှတစွာ အလုပ်လုပ်နိုင်ရန်အတွက် မည်သည့်စီးပွားရေးစီမံချက်များ ရေးဆွဲ အကောင်ထည်ဖော်မည်ကို သိလိုကြောင်း၊ တစ်ဆက်တည်းမှာပင် အထွေထွေကုန်ကျစရိတ်များ မြင့်တက်နေသည့်အချိန်၌ ဝင်ငွေရရှိမှု မတိုးတက်သည့်အတွက် အခြေခံလူတန်းစားများ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း၊ အနိမ့်ဆုံးလုပ်ခ နှုန်းထားပြင်ဆင်သတ်မှတ်ရေးကိုလည်း ရွှေ့ဆိုင်း ထားသည်ဟုလည်း သိရကြောင်း၊ ထိုအခြေအနေတွင် အနိမ့်ဆုံးလုပ်ခနှုန်းထားများ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။
ကုန်စျေးနှုန်းကြီးမြင့်မှုခံစားနေရ
ဗိုလ်ချုပ် ဇော်မင်းထွန်း က မိမိတို့နိုင်ငံတွင်သာ မဟုတ်ဘဲ ကမ္ဘာမှာလည်း ကုန်စျေးနှုန်းကြီးမြင့်မှု ဖြစ်စဉ်ကို ခံစားနေရကြောင်း၊ သို့သော်လည်း တူတော့မတူကြောင်း၊ တချို့နိုင်ငံများတွင် ခံသာ သည့်နိုင်ငံရှိသလို မိမိတို့နိုင်ငံ၌လည်း လက်လုပ်လက်စားများတွင် မခံသာသည့်သူများလည်း ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လုပ်ပေးနေသည်မှာ ဆင်းရဲကျပ်တည်းမှု ကြုံတွေ့နေသည့် သူများကို တပ်မတော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များမှဦးဆောင်ပြီး ထောက်ပံ့ပေးနေ ကြောင်း၊ ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး အခြေခံစားသောက်ကုန်များ လိုက်လံရောင်းချ ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နောက်တစ်ခုမှာ ဥပမာ စာရင်းဇယားနှင့် ပြောရမည်ဆိုလျှင် အမေရိကန်တွင် ကုန်စျေးနှုန်းကြီးမြင့်မှုများ ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း၊ ယခင်ပစ္စည်းတစ်ခုကို ကုန်စျေးနှုန်းက ထိုမျှရှိပြီး ယခုဆိုလျှင် စျေးနှုန်း အရ ဒေါ်လာ ၄၈၀ ခန့် ပိုပြီးပေးဝယ်နေရသည့် သဘောရှိကြောင်း၊ သိအောင်နှိုင်းယှဉ်ပြီး ပြောခြင်းဖြစ်ကြောင်း၊ အဓိကသည် အခြေခံကုန်စျေးနှုန်းနှင့် ပတ်သက်ပြီး စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ထိရောက်စွာထုတ်လုပ်နိုင်စေရေးနှင့် ၎င်းတို့၏ သွင်းအားစုများကို စျေးနှုန်းသက်သာစွာ ရရှိရေးအတွက် မိမိတို့ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဥပမာ ဓာတ်မြေသြဇာများ အမှန် တကယ်အသုံးလိုသည့်သူများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိရေး၊ စက်သုံးဆီနှင့်ပတ်သက်ပြီး ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး တချို့တင်သွင်းရသည့် ပစ္စည်းများသည် ပိတ်ဆို့မှုများ၊ တင်းကျပ်မှုများရှိသည့်အတွက်ကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာ ခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကိုင်တွယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ရုရှားနိုင်ငံကတင်သွင်းလာသည့် စက်သုံးဆီ များကို မိမိတို့အနေဖြင့် ဌာနဆိုင်ရာများ အဓိက၊ Public Transporatation ပြည်သူလူထုနှင့် သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ပတ်သက်သည့် လုပ်ငန်းများမှာ ခရီးသည် တင်ဘတ်စ်ကားများ၊ ရထားလိုင်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပြည်သူလူထုနှင့် ဆိုင်သည်များကို အဓိကထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာနှင့် ပတ်သက်ပြီး ပိတ်ဆို့မှုများရှိကြောင်း၊ ဓာတ်မြေသြဇာများနှင့် ပတ်သက်ပြီး ကုန်ပစ္စည်းခြင်းလဲလှယ်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် မိမိတို့နားလည်မှုများ၊ စာချုပ်များ ချုပ်ဆိုပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနိမ့်ဆုံးလုပ်အားခနှင့်ပတ်သက်ပြီး နှစ်စဉ် အလုပ်သမားဝန်ကြီးဌာနက ပြန်လည်ဆန်းစစ်ရ သည်များရှိကြောင်း၊ အနည်းဆုံး လုပ်အားခတိုးမြှင့် ပေးရမည်ဆိုလျှင် ဌာနတစ်ခုတည်းကိုသာ မိမိတို့ တိုးမြင့်ပေးရမည်မဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိသည့် ကဏ္ဍအားလုံးကို တိုးမြှင့်ပေးရမည် ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက နှစ်စဉ်သုံးသပ်ချက်များနှင့်အတူ လုပ်ဆောင်သည် ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
နေပြည်တော်နေရာအနှံ့ မြေကွက်များ ရောင်းချ
Voice of Myanmar သတင်းဌာနမှ သတင်း ထောက် ဦးမောင်မောင်ထွန်း က ယနေ့ နိုင်ငံတော်၏ အောက်ခြေနေရာပေါင်းစုံတွင် အခက်အခဲများ အဆင်ပြေရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိလို ကြောင်း၊ နေပြည်တော်တွင် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သုခတော်ဝင် တန်ဖိုးသင့်အိမ်ရာတွင် အမှန်တကယ်နေချင်သည့်သူများ လျှောက်၍ မရကြောင်း၊ မြေညီထပ်ဆိုလျှင် သိန်း ၂၅၀၊ ၂၄၀ စသည်ဖြင့် ပတ်သက်ရာပတ်သက်ကြောင်း လူများက လျှောက်ပြီး သိန်း ၆၀၀ ကျော်ဖြင့် ပြန်ပြီးရောင်းစား နေကြကြောင်း၊ ထိုသို့ရောင်းစားနေသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများ သိ၊ မသိကို သိလို ကြောင်း၊ သိသည်ဆိုလျှင် မည်သို့အရေးယူမည်ကို သိလိုကြောင်း၊ နိုင်ငံမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး နေပြည်တော်နေရာအနှံ့တွင် မြေကွက်များကို သိန်းထောင်ချီ၊ သောင်းချီပြီး ရောင်းချနေကြ ကြောင်း၊ အရောင်းအဝယ်ဖြစ်သည်ဆိုသည်မှာ ရောင်းသူ၊ ဝယ်သူ၊ အိမ်ခြံမြေအကျိုးဆောင်များနှင့် ညှိနှိုင်းပြီးလုပ်ဆောင်နေကြကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတော်က အခွန်ငွေများရအောင် မည်သို့လုပ်ဆောင်နေသည်ကို သိလိုကြောင်း၊ တစ်ဆက်တည်းအနေဖြင့် လုံခြုံရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို ပစ်မှတ်ထားပြီး လုပ်ကြံနေကြကြောင်း၊ မြို့နယ်အမည်များနှင့် ဟစ်တိုင်ပေ့ချ်များထောင်ပြီး စိန်ခေါ် သတ်ဖြတ်နေကြကြောင်း၊ အုပ်ချုပ်ရေးမှူးများကို သတ်ရန်အလှူခံနေကြပြီး သတ်ဖြတ်နေကြ ကြောင်း၊ အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို မည်သို့ကူညီထောက်ပံ့မှုများ ပေးနေသည်ကို သိလိုကြောင်း၊ မြို့နယ်တစ်ခု၌ ၎င်းမြို့နယ်တွင်ရှိသည့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက လုပ်ကြံခံရသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအတွက် ၎င်းတို့၏ လစာငွေများထဲမှ အလှူငွေများပေးနေရသည်ဟု ကြားသိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း၊ နောက်တစ်ခုသည် ARSA နှင့်ပေါင်းပြီး တိုက်လာသည့် AA ကို အကြမ်း ဖက်အဖွဲ့အဖြစ် ကြေညာရန် ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က နေပြည်တော်စည်ပင်သာယာရေး တိုက်ခန်းများနှင့်ပတ်သက်ပြီး နေပြည်တော်စည်ပင်၊ သုခတော်ဝင်အိမ်ရာတိုက်ခန်းများ ဝယ်ယူနိုင်ရေးကို ၁-၆-၂၀၂၀ မှ ၉-၄-၂၀၂၁ ရက်အထိ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင် ထည့်ထားသည်ဟု အကြောင်းပြန်ထားသည် ကို သိရကြောင်း၊ နေထိုင်နိုင်ခွင့်ရှိသည့်သူများက ပြန်လည်ဝယ်ယူပြီး ရောင်းချခြင်းသည် ဥပဒေနှင့် ငြိ/မငြိကို ဌာနဆိုင်ရာများအား ပြန်လည်မေးပေး မည်ဖြစ်ကြောင်း၊ အိမ်ဝိုင်းများနှင့်ပတ်သက်ပြီး ရောင်းခြင်း၊ ဝယ်ခြင်းသည် အွန်လိုင်းပေါ်တွင် တွေ့နေရကြောင်း၊ နေပြည်တော်၌ အိမ်ဝိုင်းများ နှင့်ပတ်သက်ပြီး ရောင်းချခြင်းသည် အိမ်ခြံမြေ စျေးကွက်ဆိုသည်မှာ စျေးကွက်စီးပွားရေးစနစ်တွင် တချို့နေရာများ၌ ရင်းနှီးမြှုပ်နှံမှုများအဖြစ် သုံးသည်များရှိကြောင်း၊ တချို့သည် စျေးနှုန်း အတက်အကျပေါ်မူတည်ပြီး မြေကွက်များ ဈေးကစားခြင်းသည် စျေးကွက်စီးပွားရေးစနစ်၏ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သည်ဟု ပြောလိုကြောင်း၊ ပိုင်ဆိုင်မှုတစ်ခု Accept တစ်ခုဟုပြော၍ ရကြောင်း၊ Accept တစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာ၌လည်း လုပ်ဆောင်နေသည်များရှိကြောင်း၊ တခြားနိုင်ငံများတွင်လည်း အိမ်ခြံမြေကို ပိုင်ဆိုင်မှုတစ်ခုအဖြစ် လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် စည်းကြပ်နိုင်သည်မှာ ရောင်းဝယ်သည့်အချိန်တွင် ထိုက်သင့်သည့် အခွန်ရရှိရေး စည်းကြပ်ခြင်း၊ ငွေကြေးခဝါချမှုမဖြစ်စေရန် စည်းကြပ်နိုင်ရေး တို့ကိုသာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ပြောလိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့်ပတ်သက်ပြီး အမှန်နစ်နာသူများရှိလျှင် ပြည်ထဲ ရေးဝန်ကြီးဌာနကို တင်ပြပါ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ သေဆုံးခြင်းများနှင့် ပတ်သက်ပြီး နှစ်စဉ် လစဉ်ထောက်ပံ့ငွေများ၊ ဆုငွေများရရှိစေရန် ဝန်ထမ်းနှင့်ပတ်သက်လာလျှင် နိုင်ငံတော်က အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုများရရှိစေရန် မိမိတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ AA သည် ယခင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်တွင် ပြန်လည်ရုပ်သိမ်းပေးလိုက် သည့်အဖွဲ့ဖြစ်ကြောင်း၊ AA ကိစ္စနှင့်ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့ဖြစ်၊ မဖြစ်ဆိုသည်မှာ ၎င်းတို့၏ လုပ်ရပ်အပေါ် ဆက်လက်ပြီး မူတည်သွားမည်ဟု ပြောလိုကြောင်း ဖြေကြားသည်။
မိသားစုများဘဝ တိုးတက်ပြောင်းလဲလာရန် လုပ်ဆောင်ပေးမည်
Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦး က ရုရှားနိုင်ငံမှ ပြန်လာချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဗိုလ်ချုပ်တို့အနေဖြင့် မိမိတို့တပ်မတော်သားများ၏ဘဝ တိုးတက်မြင့်မားလာရန် မည်သည့်အရာများ လုပ်ဆောင်သင့်ကြောင်း၊ မည်သို့မည်ပုံ ပံ့ပိုးသင့် ကြောင်း၊ ယခုလိုအပ်ချက်များကို ဗိုလ်ချုပ်တို့ အနေဖြင့် ထင်ထင်ရှားရှား သိမြင်ပြီးဖြစ်မည်ဖြစ် ကြောင်း၊ တပ်မတော်သားများနှင့်တကွ ၎င်းတို့၏ မိသားစုများဘဝ တိုးတက်ပြောင်းလဲလာရန် မည်သို့ မည်ပုံ လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း၊ တပ်မတော်သားများအနေပျော်မှ တိုင်းပြည် လုံခြုံ မည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံမှနောက်တန်းက ပြည်သူလူထုများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း၊ မိမိရှေ့မှ မီဒီယာများ တင်ပြသွားသကဲ့သို့ လစာများတိုးခြင်းဖြင့် စီးပွားရေးများ အဆင်ပြေစေရန်ဖြစ်ကြောင်း၊ တပ်မတော် သားများ၏လခများကို ဗိုလ်ချုပ်တို့ သိမြင်ပြီးဖြစ်ကြောင်း၊ တပ်မတော်သားများနှင့်တကွ ပြည်သူ့ရဲ များလည်းပါကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ရှေ့တန်းတွင် စွမ်းစွမ်းတမံဆောင်ရွက်နေသည့် တပ်မတော်သားများ၏ဘဝနှင့် ၎င်းတို့၏ မိသားစုများတိုးတက်ရန် ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့ စီစဉ်ထားသည်ကို သိလိုကြောင်း၊ ရုရှားကအပြန် တပ်မတော်သားများ၏ဘဝကို ဗိုလ်ချုပ်တို့ ပိုမို သိမြင်လာမည်ဟု ထင်မြင်ကြောင်း မေးမြန်းသည်။
ပညာသင်စရိတ်
ဗိုလ်ချုပ် ဇော်မင်းထွန်း က ပထမဦးဆုံး မိမိမေးခွန်းပြန်ထုတ်လိုသည်မှာ မြန်မာနိုင်ငံတွင် ယခင်ကတည်းက ပညာသင်ကြားသည့်အချိန်တွင် မည်သည့်အဖွဲ့အစည်းသည် မိမိတို့၏ သားသမီး များအပေါ် နံပါတ်တစ် ပညာသင်စရိတ်အားလုံး ထောက်ပံ့သည့်အဖွဲ့အစည်းမျိုး သတင်းထောက် ကြီးအနေဖြင့် တွေ့ဖူးပါသလား၊ နံပါတ်နှစ် အဖွဲ့အစည်းတစ်ခုလုံးက ထောက်ပံ့သည်မဟုတ် ကြောင်း၊ တပ်ရင်းတပ်ဖွဲ့အလိုက် ပညာသင်စရိတ် သာမက ကျောင်းဝတ်စုံ အထက်၊ အောက်၊ ကျောင်းသွားလျှင် ကျောင်းကား၊ ယခင်ကတည်းက ပြဋ္ဌာန်းစာအုပ်အခမဲ့၊ ဗလာစာအုပ်အခမဲ့ပေးသည့် အဖွဲ့အစည်းမျိုး သတင်းထောက်ကြီး တွေ့ဖူးပါသလား၊ အခြေခံအဆင့်သာ မိမိပြောခြင်းဖြစ်ကြောင်း၊ နံပါတ်သုံး တပ်မတော်သားများနှင့်ပတ်သက်ပြီး သက်စွန့်ဆံဖျားပေးသည့်အဖွဲ့အစည်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်ကြောင်း၊ စရိတ်မျိုးစုံပေးသည့် အဖွဲ့အစည်းမျိုး သတင်းထောက်ကြီး မြင်ဖူးပါသလား၊ နံပါတ်လေးအနေနှင့် တပ်မတော်သို့ စဝင် လာသည့်အချိန်မှစ၍ သေဆုံးသည်အထိ သင်္ဂြိုဟ် စရိတ်ပေးသည့် အဖွဲ့အစည်း သတင်းထောက်ကြီး တွေ့ဖူးသလားဟု မေးလိုကြောင်း၊ ယခုအချိန် ရုရှားကပြန်လာပြီးမှ မိမိတို့အနေဖြင့် ထပြီးလုပ်စရာ အကြောင်းမရှိကြောင်း၊ တပ်မတော်အနေဖြင့် ယခင်တည်းကတိုင် အခြေခံပြီးလုပ်ခဲ့သည့် အဖွဲ့ အစည်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ တပ်မတော်သားများသည် ပြည့်စုံလုံလောက်ပြီး ချမ်းသာနေသည်ဟု ပြောခြင်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် တပ်မတော်သားများသာမက အခြားသောဝန်ထမ်း များကိုလည်းပေးရကြောင်း၊ မိမိတို့တပ်မတော်သားများသာလျှင် နိုင်ငံတော်တာဝန်ထမ်းဆောင်နေရ ခြင်း မဟုတ်ကြောင်း၊ မိမိတို့သည်သာ နိုင်ငံတော်ကို ချစ်နေခြင်း မဟုတ်ကြောင်း၊ ကျန်သည့် ဝန်ထမ်းများလည်း နိုင်ငံတော်ကိုချစ်ကြောင်း၊ ကျန်သည့် ဝန်ထမ်းမှမဟုတ် မည်သည့်ဝန်ထမ်းမှမလုပ်သည့် ပြည်သူများတွင်လည်း နိုင်ငံတော်ကို ချစ်သည် များရှိကြောင်း၊ သတင်းထောက်ကြီးတို့ Media များထဲတွင် မည်သူမျှ နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့ဖူးသူများ မဟုတ်ကြောင်း၊ Media များထဲ၌ မိမိတို့ထက် တိုင်းပြည်ကိုချစ်နေသည့် Media များရှိကြောင်း၊ အမုန်းခံအဆဲခံရပြီး သတ်မည်ဖြတ်မည်ခြိမ်းခြောက် ခြင်းခံနေရသော်လည်း တိုင်းပြည်အတွက်၊ နိုင်ငံ အတွက် လုပ်နေသည့်သူများလည်းရှိကြောင်း၊ တပ်မတော်သားများ သက်စွန့်ဆံဖျားလုပ်ရသည်မှာ မှန်ပါကြောင်း၊ တပ်မတော်နှင့် ပြည်သူကြားထဲတွင် တပ်မတော်သားများသည် ပြည်သူထက် ခေါင်းတစ်လုံးမြင့်သည်ဆိုသည့် အတွေးအခေါ်မျိုးမရောက်စေချင်ကြောင်း၊ ပို၍သွေးကွဲပါကြောင်း၊ တပ်မတော်သားများသည် အားလုံးထက်ပိုပြီး အနစ်နာခံသည်ဆိုသည့် အတွေးအခေါ်မျိုး မရောက် စေချင်ကြောင်း၊ သွေးကွဲစေပြီး အားလုံးသည် တန်းတူဖြစ်ပါကြောင်း၊ တန်းတူထဲမှာမှ ပို၍ အနစ်နာခံခဲ့သည်ဆိုသည့် စိတ်ဓာတ်မျိုးရှိလျှင် ရပါကြောင်း၊ အားလုံးထက် မြင့်မြတ်သည်ဆိုသည့် စိတ်ဓာတ်၏သည် သွေးကွဲစေကြောင်း။
ပညာရေးဝန်ထမ်းများကို အိမ်ငှားစရိတ်များပေး
မိမိတို့အနေဖြင့် ယခုအစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ခံစားခွင့် (၂၄) ခု ကို ယခင်သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်လည်း နှစ်ပတ်လည် မိန့်ခွန်းထဲတွင် ပြောခဲ့ကြောင်း၊ ပညာရေးဝန်ထမ်းများကို ရည်မှန်းပြီး အိမ်ငှားစရိတ်များပေးခဲ့ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ တတ်နိုင်သည့် စီးပွားရေးအခြေအနေအရ အားလုံးကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်စေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြစ်စေ အားလုံးသည် နိုင်ငံတော်၏ ပြည်သူပြည်သားများ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေအရ တတ်နိုင်သရွေ့အကျိုးဆောင်ပြီး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦး က တပ်မတော်သား ခေါင်းတစ်လုံး ပိုမြင့်သည်ဆိုသည့် စကားသည် အပြင်ဝန်ထမ်း များတွင် အိမ်ထောင်ဦးစီးသည် ဌာနဆိုင်ရာတစ်ခုခု တွင် အလုပ်လုပ်နေသည်ဆိုပါက ကျန်သည့်မိသားစုသည် တခြားသောအလုပ်ကိုလုပ်၍ရကြောင်း၊ တပ်မတော်သား၏ မိသားစုသည် တပ်မတော်သားနှင့်အတူ တပ်မတော်အတွက် တာဝန်ထမ်းဆောင် သကဲ့သို့ အတူတူလုပ်နေရကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် ခေါင်းတစ်လုံးပိုမြင့်သည် ဟုဆိုခြင်းသည် မြင့်သင့်ပါကြောင်း ပြောကြားသည်။
ဗိုလ်ချုပ် ဇော်မင်းထွန်း က တပ်မတော်သား မိသားစုဝင်များထဲတွင် လုံခြုံရေးနှင့်ပတ်သက်၍ ရွပ်ရွပ်ချွံချွံဆောင်ရွက်ခဲ့ကြကြောင်း၊ တပ်ရင်းတပ်ဖွဲ့ အသီးသီးတွင် ရဲဘော်ရဲမေများအားလုံး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြကြောင်း၊ လိုအပ်ပါက လက်နက် ကိုင်၍ လုပ်ဆောင်ရကြောင်း၊ ပြောရလျှင် သတင်း ထောက်ကြီးထက် မိမိတို့၏သွေးသားများ ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင် များအနေဖြင့် ခံစားခွင့်များရှိကြောင်း၊ ပြည့်စုံ လုံလောက်ခြင်းမရှိသေးပါကြောင်း၊ မိမိတို့အနေဖြင့် ယင်းကိစ္စများအတွက် ကြိုးစားဆောင်ရွက်နေကြောင်း၊ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်ရှိနေသည့် ပြည်သူလူထု၊ တစ်နိုင်ငံလုံးတွင် ရှိနေသည့်ဝန်ထမ်းများ၊ တစ်နိုင်ငံလုံး၌ ရှိနေသည့် လုံခြုံရေးအဖွဲ့များအတွက် အစိုးရအနေဖြင့် အားလုံးကို ခြုံငုံစဉ်းစားရကြောင်း ပြန်လည် ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)