ရန်ကုန် စက်တင်ဘာ ၂၆
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဥပဒေအသစ် စတင်အကောင်အထည်ဖော်သည့် (၂၀၁၄-၂၀၁၅) ဘဏ္ဍာ နှစ်မှ ၈/၂၀၂၂ လအထိ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ အာမခံအလုပ်သမား ၁,၆၄၈,၁၇၅ ဦးအတွက် ငွေကျပ် ၇၇,၄၆၆ ဒသမ ၂၃၉ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ အာမခံအလုပ်သမား ၆၃,၈၁၉ ဦးအတွက် ငွေကျပ် ၆,၉၇၇ ဒသမ ၉၆၃ သန်းကို ခွင့်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းကကျင်းပသည့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား များ၏ ကျန်ရစ်သူမိသားစုများအား လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားမှ သိရသည်။
အဆိုပါ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း က အာမခံအလုပ်သမား ဒေါ်စန်းယုမော်၏ ခင်ပွန်းဖြစ်သူကို ငွေကျပ် ၁၁,၁၁၈,၀၀၀၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က အာမခံအလုပ်သမား ဒေါ်စန္ဒာခိုင်၏ မိသားစုကို ငွေကျပ် ၁၀,၈၇၁,၅၅၀၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်က ဦးမျိုးကိုကို၏ ဖခင်ဖြစ်သူကို ငွေကျပ် ၁၀,၄၇၃,၁၀၀၊ အာမခံအလုပ်သမား စုစုပေါင်း အကျိုးခံစားခွင့် ငွေကျပ် ၃၂,၄၆၂,၆၅၀ ကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့သည်။
ယင်းအကျိုးခံစားခွင့်ကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော Primier Coffee Lluvia Co.,Ltd မှ အာမခံအလုပ်သမားများ ၂၀၂၂ ခုနှစ် ဩဂုတ် ၅ ရက်က လုပ်ငန်းခွင်သို့ လာရောက်စဉ် အလုပ်သမားများ စီးနင်းလိုက်ပါလာသော ဖယ်ရီအား မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးက ဝင်ရောက်တိုက်ခဲ့ခြင်းကြောင့် အာမခံအလုပ်သမား သုံးဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုများ အား ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လူမှုဖူလုံရေးအဖွဲ့သို့ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးအဖြစ် အလုပ်သမား လုပ်ခလစာ၏ ၅ ရာခိုင်နှုန်းကို လစဉ်ထည့်ဝင်ကြေးပေးသွင်းခြင်းဖြင့် အာမခံအလုပ်သမားများနှင့် မှီခိုသူမိသားစုများ လူမှုဒုက္ခကြုံတွေ့ရသည့်အခါ လူမှုဖူလုံရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်အပါအဝင် အကျိုးခံစားခွင့် ၁၅ မျိုးကို ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်း အမှတ် (၂၉) ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းနှင့်အညီ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှု ဖြစ်ပွားလာပါက ဥပဒေနှင့်အညီ စနစ်တကျ ဖြေရှင်း ဆောင်ရွက်ပေးမှုကို ခံယူရန်ဖြစ်ကြောင်းနှင့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတွင် ပါဝင်သည့် သက်ဆိုင်ရာကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပြီး အဖွဲ့အစည်းစွဲမထားဘဲ အလုပ်ရှင်၊ အလုပ် သမားနှစ်ဖက်၏ အကျိုးကိုရှေးရှု၍ ဖျန်ဖြေခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး တို့က ဦးစီးဌာနအလိုက် စည်းကြပ်သည့်ဥပဒေများ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အုပ်စုသုံးစုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်