Skip to main content

ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်ဖွံ့ဖြိုးရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၅

မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁) ဟင်းသီးဟင်းရွက် လက်ကားဈေးတည်ဆောက်မည့်မြေနေရာကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က စိုက်ပေါင်များ သေသပ်စွာပြုပြင်ရန်၊ စိုက်ခင်းအတွက် အရန်ရေရရှိရေး ရေစုကန်တူး၍ ရေသွင်းသိုလှောင်ထားရှိရန်နှင့် မြောင်းဆက်လက်စီးဆင်းရာ Pipe Culvert ပိတ်ဆို့မှုမရှိစေရန် မှာကြားခဲ့သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က လက်ကားဈေး အဆောက်အအုံများနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာတို့ကို မြေညှိပြုပြင်ခြင်း၊ စိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်းနှင့် စိုက်ခင်းပတ်လည် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်၊ M 5 လမ်းနှင့် C 14 လမ်းဆုံရှိ အထူးဇုန်(၂) စီမံခန့်ခွဲရေး ကော်မတီရုံးကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် လှော်ကားသစ်တောဧရိယာ ဒေဝူးမှတ်တိုင်အနီး ပန်းဥယျာဉ်နှင့် ရန်ကုန်-ပြည်လမ်း လမ်းဘေးဝဲယာ သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှည်းတန်းခုံးကျော်တံတားနှင့် ပါရမီလမ်းအကြား ကတ္တရာကွန်ကရစ် (AC) ခင်းကျင်းနေမှု ကိုလည်းကောင်း၊ ရန်ကုန်-ပြည်လမ်းမှ ရွှေတိဂုံဘုရားသို့ ရှုမြင်ရသည့် မြင်ကွင်းလမ်းကြောင်း Visual Axis အတွင်း မီးတိုင်များ၊ ပန်းခုံများ၊ မြေယာရှုခင်းများဖြင့် အလှဆင်ပုံဖော် ဆောင်ရွက်နေမှုကိုလည်း ကောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ အုန်းပင် ၄၇၆၃ ပင် ပျိုးထောင်ထားရှိမှုနှင့် ရာသီပန်းမျိုးစုံပျိုးထောင်ထားမှုကိုလည်းကောင်း၊ ပျိုးခြံအသစ်များ ပြုလုပ်ရန် မြေပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်