နေပြည်တော် စက်တင်ဘာ ၂၄
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကတ္တီပါမျှော့ကြိုး ကီလိုဂရမ် ၁၃၆၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၅၅၂၀၀၀)ကိုလည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသော အီလက်ထရောနစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇၅၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၃၀၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော ဟင်းသီး ဟင်းရွက်ဆီများ ၁၁၁၆ လီတာ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၀၈၅၀၀၀) နှင့် အဆိုပါစားသုံးဆီများ တင်ဆောင်လာသော ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၈၀၈၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကမ်းခြေစောင့်တိုက်ရေယာဉ် ၄၂၅ က နယ်မြေရှင်း တိုက်ကင်း လှည့်နေစဉ် ခိုကျွန်းမြောက်ဘက် ၁ ဒသမ ၈ မိုင်ခန့်အကွာတွင် မြန်မာ ရှပ်ဆွဲလှေ တစ်စင်းနှင့် ခိုကျွန်းအရှေ့မြောက်ဘက် ၂ ဒသမ ၄ မိုင်ခန့် အကွာ၌ မြန်မာရှပ်ဆွဲ လှေတစ်စင်းတို့သည် ပင်လယ်ရေအောက်ကြမ်းပြင်ကို ပျက်စီးစေနိုင်သော တားမြစ်ကိရိယာ ဖြစ်သည့် သံခြင်းအသုံးပြု၍ ရှပ်/ခရုများ ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါ မြန်မာ ရှပ်ဆွဲလှေနှစ်စင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ် ကျွဲရဲပူးပေါင်းစစ်ဆေး ရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က တရားမဝင် လိုင်စင်မဲ့ ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၀၀၀၀၀)ကို လည်းကောင်း၊ ကလေးမြို့ အဝင် ဆိုင်းဘုတ်အနီး၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တရားမဝင် လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၉၀၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ဖြူးမြို့နယ်၌ တရားမဝင် ကညင်သစ်ခွဲသား(သုည ဒသမ ၁၈၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀၅၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၃၁၅၀၅၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်