မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ နိုင်ငံ၏ လူဦးရေအများစုမှာ ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံလုပ်ကိုင် ကြသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် လုပ်ငန်းအများစုနှင့် အိမ်တွင်းမှု စက်မှုလက်မှုလုပ်ငန်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဟု ခေါ်ဆိုကြသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ယခင်က SME ဟုခေါ်ဆိုပြီး ယခုအခါ MSME ဟုခေါ်ဆိုသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် MSME လုပ်ငန်းများကို အဓိက အားပြုကြသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားသည် MSME ဖြစ်သည်။ ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုး ဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော်မျှပါဝင် လျက်ရှိသည်။ MSME လုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက် များအား စီးပွားရေးလုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်ပြောင်းလဲနိုင်စွမ်း ရှိသဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာအောင် အားပေးမြှင့်တင်ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် MSME စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိသော်လည်း ပြည်ပသွင်းကုန် အလားတူကုန်ပစ္စည်းများအား နှစ်စဉ်တင်သွင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းမှာ နည်းပညာ၊ အရည်အသွေးနှင့် ထုတ်လုပ်မှုကွာခြားနေသောကြောင့် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၁/၂၀၂၂) အစည်းအဝေးတွင် “ မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန် အများစုမှာ အရည်အသွေးဆိုင်ရာ အားနည်းမှုများရှိခြင်းကြောင့် ဈေးကွက်တွင် ဈေးနှုန်းရရှိမှုနည်းပါးကြောင်း၊ အရည်အသွေးအားနည်းမှုများရှိခြင်းမှာ ကုန်ထုတ် လုပ်ရာတွင် အသုံးပြုသည့် စက်ကိရိယာပစ္စည်းများ၊ နည်းပညာနှင့်လူသား အရင်းအမြစ်များ အားနည်းခြင်းကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ ထုတ်ကုန်များ အရည်အသွေးမီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
MSME လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၏ လေ့လာတွေ့ရှိချက်အရ ပတ်ဝန်းကျင် ကောင်းများနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် အခြေခံအဆောက်အအုံများ လိုအပ်ချက်ရှိခြင်း၊ စွန့်ဦးတီထွင်လိုသူများအတွက် မဝံ့မရဲဖြစ်မှုများကို ဖြေလျှော့ပေးရန်လိုအပ်ခြင်း၊ ငွေကြေး အရင်းအနှီး၊ စရိတ်ကြီးမြင့်သည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ရိုးရာနည်းပညာများကို အသုံးပြုထုတ်လုပ်ခြင်း၊ သုတေသနပြုချက်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာများတွင် အထောက်အပံ့အားနည်းခြင်း စသည်တို့ဖြစ်ပြီး အဆိုပါရလဒ်များကို အခြေခံ၍ ထုတ်ကုန်များကို ရောင်းတမ်းဝင် အဆင့်မြှင့်တင်နိုင်ရန်အတွက် ကန့်သတ်ချက်များနှင့် အဟန့်အတားများရှိနေ သည်ဟု တွေ့ရှိထားသည်။ ထို့ကြောင့် အရည်အသွေးရှိသည့် ရောင်းကုန်ပစ္စည်းများ ဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
MSME လုပ်ငန်းများအောင်မြင်စေရန် ထုတ်ကုန်များ ဈေးကွက်ရရှိရန်လည်း လိုအပ်သည်။ ထို့ကြောင့် ပြည်တွင်းသာမက ပြည်ပသို့ပါ ဈေးကွက်ချဲ့ထွင်စီးဆင်းရန် သတင်း အချက်အလက်များကို ကျယ်ပြန့်စွာဖြန့်ဝေရန်လိုအပ်သည်။ ကုန်စည် စီးဆင်းမှုလုံခြုံ ချောမွေ့ရန်လည်း လိုအပ်သည်။ အဆိုပါကိစ္စရပ်များကို နိုင်ငံတော်က အချိန်ယူကာ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရာတွင် အစားအစာ၊ အဖျော်ယမကာများ၊ အထည်အလိပ်နှင့်အထည် ထုတ်ကုန်များ၊ သားရေထွက်ကုန်ပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ ဆေးဝါးနှင့် ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရော်ဘာနှင့်ပလတ်စတစ်ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် ထွက်ကုန်ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်းများ၊ ပရိဘောဂ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းကို ပထမဦးစားပေး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုအတွက် စဉ်းစားဆောင်ရွက်ရန်၊ လူသားအရင်းအမြစ်ကို အသုံးချပြီး နည်းပညာနှင့်အတတ်ပညာများ ပေါင်းစပ်ဆောင်ရွက်ရန်၊ အရင်းအနှီးဖြည့်ဆည်းထောက်ပံ့ရန် စသည့်အချက်များကို အချိန်ယူ ဆောင်ရွက်မည်ဖြစ်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်စေရန် အခြေခံစီးပွားရေးလုပ်ငန်းများကို ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။