အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမားများအပေါ် ဥပဒေ ချိုးဖောက်မှုများရှိသည် ဟူသော သတင်းဖော်ပြမှုမှာ မှန်ကန်မှုမရှိကြောင်း အလုပ်သမားဝန်ကြီး ဌာနက သတင်းမှန် ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံရှိ အလုပ်သမားများမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့် ဥပဒေပါအခွင့်အရေးများ ခံစားခွင့်မရကြောင်း အပါအဝင် အခြားမှန်ကန်မှုမရှိသော အချက်အလက်များကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်မှရရှိသော ဝင်ငွေအနက် ၁၀ ရာခိုင်နှုန်းကျော်မှာ CMP လုပ်ငန်း တစ်ခုဖြစ်သည့် အထည်ချုပ် လုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် အထည် ချုပ်စက်ရုံပေါင်း ၆၀၀ ခန့်နှင့် အထည်ချုပ်အလုပ်သမားပေါင်း ငါးသိန်းခန့်ရှိရာ အလုပ်သမား ၉၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီး များဖြစ်ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေ များကြောင့် အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည့်တိုင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့် အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေရှာဖွေပေး နိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရရှိနိုင်မည်ဟု မျှော်မှန်း ထားသည်။ အထည်ချုပ်လုပ်ငန်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စက်ရုံ ၂၃၀ ကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှုများ ရှိသည်။ နိုင်ငံတကာဈေးကွက်သို့ ချုပ်ပြီးအထည်များ တင်ပို့ရာတွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အင်ဒို နီးရှားစသည့် နိုင်ငံများကလည်း အပြိုင်တည်ရှိနေခြင်းဖြစ်ရာ မိမိတို့နိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများ ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ အရည်အသွေးကောင်းမွန်ရေးတို့မှာ လွန်စွာအရေး ကြီးသည်။ သို့အတွက် အထည်ချုပ်လုပ်ငန်းများ၏ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသာယာမှု မပျက်ပြားအောင် ဝိုင်းဝန်းထိန်းသိမ်း ကြရန်လိုအပ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရပြီးနောက် ပြန်လည် ရုန်းကန်နေရသည့် ကာလတွင် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား အပြန်အလှန်နားလည် စာနာမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာ နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ စင်စစ်အားဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့မှာ အကျိုးတူစီးပွားဘက်များ ဖြစ်ကြပြီး အပြန်အလှန် အမှီသဟဲပြုနေသူများလည်း ဖြစ်ကြသည်။ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပြောဆိုဆွေးနွေးနိုင်ရန် လမ်းကြောင်းများ၊ ဥပဒေများနှင့် အခွင့်အရေးများရှိနေရာ စနစ်တကျအသုံးချကြရန်ဖြစ်ပြီး ပြင်ပမှ ကောလာဟလများနှင့် မသမာသူတို့၏ အဖျက်အမှောင့် သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ကြဖို့ တိုက်တွန်းလိုသည်။
အထည်ချုပ်လုပ်ငန်းများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ ပြည်ပပို့ကုန် ထုတ်လုပ်မှုအတွက် လွန်စွာအရေးကြီးသလို ယင်းလုပ်ငန်းအပေါ် မှီခိုနေကြသည့် အလုပ်သမားများနှင့် မိသားစုများ၊ စက်ရုံပိုင်ရှင်အလုပ်ရှင်များ အတွက်လည်း လွန်စွာအရေးကြီးသည့် အလျောက် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် အလုပ်သမားရေးရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်း သာယာရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက် နိုင်ကြပါစေကြောင်း။ ။