နေပြည်တော် စက်တင်ဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့် သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပမည့် ခေတ်မီမော်လီကျူလာ မျိုးရိုးဗီဇ နည်းပညာအသုံးပြု၍ ဇီဝပိုင်းဆိုင်ရာ လုံခြုံမှုရရှိရေး အလုပ်ရုံဆွေးနွေးပွဲ “Using modern molecular genetic technologies in ensuring biological safety” သို့ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ) နှစ်ဦးနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်ဝန်ထမ်းနှစ်ဦး တက်ရောက်မည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအားဖြင့် HIV ရောဂါ၊ အသည်းရောင်ရောဂါ (ဘီ)နှင့် (စီ) နှင့် တီဘီရောဂါတို့၏ မျိုးရိုးဗီဇအစီအစဉ် လေ့လာခြင်းနည်းပညာ (Genetic Sequencing)နှင့် ခေတ်မီမော်လီကျူလာနည်းပညာတို့နှင့် ပတ်သက်၍ ပိုမိုသိမြင်ကျွမ်းကျင်စေရန် လေ့ကျင့်သင်ကြားခြင်း အစီအစဉ်များ ပါဝင်၍ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Emirates လေကြောင်း လိုင်းဖြင့် ရုရှားနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ဆေးပညာနယ်ပယ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ မကြာမီကာလများတွင်လည်း အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများတက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ကိုယ်စားလှယ်များ ထပ်မံစေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်