Skip to main content

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

ဟိုပန် စက်တင်ဘာ    ၂၃

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် ၈ နာရီက ဟိုပန်မြို့နယ်တွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။

ရှေးဦးစွာ မိန်းပန်း (ရှမ်း)အမက (မူလွန်) ကျောင်းတွင် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် ပေ (၁၂၀ x ၃၀) Steel Structure တစ်ထပ်အဆောက်အအုံ ဆောက်လုပ်မှုကို လည်းကောင်း၊ ဆက်လက်၍ မြို့နယ်စည်ပင် သာယာရေးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မန်ကောင်းရပ်ကွက် စောမဟာ လမ်းသွယ်ကွန်ကရစ်လမ်း (၂၁၅x ၁၂ ပေ ၊ ခြောက်လက်မ)ဆောင် ရွက်ပြီးစီးမှုနှင့် အောင်မေတ္တာ လမ်းကွန်ကရစ်ခင်းခြင်း (၃၃၅ x ၁၂ ပေ ၊ ခြောက်လက်မ)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ပြည်သူဆေးရုံဝင်းအတွင်း Transformer တည်ဆောက်ခြင်းလုပ်ငန်း၊ တိုးချဲ့ကျောက်စီမြေကာနံရံ ပေ ၅၀ တည်ဆောက်ခြင်းလုပ်ငန်း၊ အမိုးလဲလှယ်ခြင်းလုပ်ငန်းကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့မအားကစားကွင်းအတွင်း မြေထိန်းနံရံ ပေ(၅၀၀ x ၃၆)ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ဂါလန် ၁၅၀၀၀ ဆံ့ရေလှောင်ကန် ပြုပြင် ခြင်းလုပ်ငန်း၊ မီတာ ၄၀၀ ပြေး လမ်းပြုပြင်ခြင်း လုပ်ငန်းတို့ကို လည်းကောင်း၊ လမ်းဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် စံပြကျေးရွာလမ်း မိုင်(၂/၁-၂/၂) အတွင်း မြေသားတာပေါင်တင်ခြင်းနှင့် ကျောက်ရောမြေသုံး လက်မထု တင်ခြင်းလုပ်ငန်း၊ RCC Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြချက်များနှင့် ပတ်သက်၍ ဥက္ကဋ္ဌက အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ စနစ်တကျ ဆောင်ရွက်ပေးရန်၊ စံချိန်စံညွှန်းမီသည့် ပစ္စည်းများကို အသုံးပြုရန်၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်၊ လုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ အချက်အလက်များကို ပြည်သူများ သိရှိအောင် ဆိုင်းဘုတ် စိုက်ထူထားရှိပေးရန် မှာကြားသည်။

ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် နမ့်တိန်ချောင်းတွင် အကျယ် ၂၈ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ တံတားသစ်ဆောက်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်