နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀)မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဗဟိုဘဏ်၏ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်ကို တင်ပြလိုကြောင်းပြောကြား၍ ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်ကို ပြသသည်။ ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်အပေါ် တစ်ဖက်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေနှင့် အမျိုးမျိုးသော အပျက်သဘောဆောင် ပြောကြားချက်များရှိကြောင်း၊ သတင်းအမှားများနှင့် Agent များပိတ်သွားပြီ စသည်ဖြင့် ရေးသား ပြောဆိုနေသည်များကိုလည်း တွေ့မြင်ရကြောင်း၊ ဗဟိုဘဏ်၏ကြေညာချက် အဘယ့်ကြောင့် ထုတ်ပြန်ရသလဲဆိုလျှင် ပြည်သူလူထုနှင့် Agent များ အသုံးချခံဖြစ်မည်စိုးသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ ဥပမာတစ်ခုအနေနှင့် ပြောလိုကြောင်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်နေသည့် Agent တစ်ယောက်သည် ဝန်ဆောင်ခရလျှင် ငွေလွှဲပေးမည်သာဖြစ်ကြောင်း၊ ယခင်က စည်းကမ်းအရ တင်းကျပ်မထားသည့်အတွက် လာလွှဲသည့်သူကလည်း ၎င်း၏အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ကိုမပြောဘဲ အလွယ်တကူ လွှဲလိုက်နိုင်သကဲ့သို့ ထုတ်ယူသည့် ဘက်ကလည်း Password ပြောရုံနှင့် ထုတ်ယူ၍ရသည့် အနေအထားဖြစ်ကြောင်း၊ လာလွှဲသည့်သူက အကြမ်းဖက်သမားများကို ထောက်ပံ့ရန်လွှဲပြီး အကြမ်းဖက်သမားက ထုတ်ပြီး အကြမ်းဖက်လုပ်ငန်းများ၌ သုံးသည့်ဖြစ်စဉ်များ ဖြစ်လာကြောင်း၊ Agent နှင့် အသုံးချခံရသူမှာ အကြမ်းဖက်ထောက်ပံ့ခြင်းလား၊ အကြမ်းဖက်သမားက လာရောက်ထုတ်ယူသည်လားဆိုသည်ကို မသိသလို ၎င်းတို့ထံက မည်သည့် အချက်အလက်မှလည်း မရလိုက်ကြောင်း၊ ငွေလွှဲခဆိုသည့် ငွေအနည်းငယ်သာ ရလိုက်ကြောင်း။
မိမိတို့လုံခြုံရေးအဖွဲ့များက အကြမ်းဖက်သမားများကို ဖမ်းဆီးရမိပြီး ၎င်းတို့ကို မည်သူထောက်ပံ့သည်ဟု စစ်ဆေးချိန်၌ “ဒီဖုန်းနံပါတ်ကနေ လွှဲပါတယ်၊ ငွေရပါတယ်”ဆိုပြီး Agent ၏ လုပ်ငန်းသုံး ဖုန်းနံပါတ်ကိုပေးကြောင်း၊ အသုံးချခံရသည့် Agent များကို ထပ်မံစစ်ဆေးသည့်အချိန်၌ လုပ်ငန်းအရသာ လွှဲပေးလိုက်သည်ဟူ၍သာ အစစ်ဆေးခံရခြင်း ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာချိန်၌ ဥပဒေကြောင်းအရ လွှဲပေးသည့် Agent ၏ ဖုန်းနံပါတ်၊ လုပ်ငန်းလိုင်စင်၊ လွှဲခဲ့သည့်ပမာဏ၊ လွှဲခဲ့သည့်အချိန် စသည့် အထောက်အထားများအရ Agent ၌ တာဝန်ရှိလာကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဥပဒေအရ အကာအကွယ်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လှူသည်ဆိုသည့် ပုံစံမျိုးနှင့် ငွေလွှဲပေးသည့်သူများ၊ အသုံးချခံလိုက်ရသည့် ကိုယ်စားလှယ်များ၊ Agent များနှင့် ပတ်သက်၍ ငွေလွှဲသည့်သူရော ဇယားအမှတ်စဉ်(၁)၌ ပြထားသကဲ့သို့ Online မှ ငွေကြေးထောက်ပံ့ခြင်းဖြစ်သည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ခ) အရ ငြိစွန်းကြောင်း၊ တစ်ရာလှူသည်ဖြစ်စေ၊ သိန်းနှင့်ချီပြီးလှူသည်ဖြစ်စေ၊ နောက်ဆုံးလိုက်ပြီး ကူရုံပါဟုဆိုသည်ဖြစ်စေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း။
မိမိကပို့လိုက်သည့်ပိုက်ဆံကို လက်ခံသည့်သူက လူသတ်ခြင်း၊ အကြမ်းဖက်မှုကျူးလွန်ခြင်း၊ အပြင်းအထန် နာကျင်စေမှုဖြစ်ခဲ့ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ သေဒဏ်အထိချမှတ်နိုင်ကြောင်း၊ တစ်ကျပ်တစ်ပြားလေး လှူတာကို ထောင် ၁၀ နှစ်ကျတယ်တို့၊ သေဒဏ်ကျတယ်တို့ဖြစ်လာလျှင် ပုဒ်မ ၅၄ နှင့်ငြိစွန်း၍ သာဖြစ်သည်ဟု သဘောပေါက်ရန်လိုကြောင်း၊ “ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်” ပါကြောင်း၊ ယင်းသို့သော ဖြစ်စဉ်အချို့ကို စိစစ်တွေ့ရှိရသည့်အတွက် အပြစ်မရှိသည့် ပြည်သူများ အသုံးချခံ မဖြစ်စေရန်၊ မနစ်နာရအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင်မိမိအနေဖြင့် သတင်းစာ ရှင်းလင်းပွဲတွင် အကျယ်တဝင့်ပြောရခြင်းဖြစ်ပြီး တင်ပြပါဇယားကိုလည်း မီဒီယာများကို ဖြန့်ဝေလိုက်မည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် မီဒီယာများအနေဖြင့်လည်း ပြည်သူလူထုကို အကြမ်းဖက်သမားများ၏ အသုံးချခံမဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးကြေညာပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
AA, ARSA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နှစ်နိုင်ငံကြား ပြဿနာဖြစ်ပွားအောင် မီးမွှေးပေးနေ
ဆက်လက်ပြီး ယခုလဆန်းပိုင်းတွင်း၌ AA နှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်းပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်၌ တိုက်ပွဲများ ဖန်တီးခဲ့ကြောင်း၊ ဩဂုတ် ၃၁ ရက်က နယ်ခြားမှတ်တိုင်အမှတ် BP 40 စခန်းကို သာလွန်အင်အားနှင့် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခွဲ၌ BP 31 အနီး လုံခြုံရေးဆောင်ရွက်နေ သည့် တောင်ပြိုဝဲရဲကင်းစခန်းအား ပါဝါပွိုင့်ပါနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးကို ကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် သုံးလုံး ကျရောက်ခဲ့ကြောင်း၊ ၎င်းနေ့ ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာ ၁၇ ရက် နံနက် စောစောပိုင်း၌ BP 34 အနီး တောင်ပြိုယာရဲကင်းစခန်းကို ယခင်ပစ်ခတ်သည့်နေရာမှ လက်နက်ကြီးနှင့် ထပ်မံပစ်ခဲ့ကာရဲကင်းစခန်းနှင့် နယ်စပ်ခြံစည်းရိုးကိုကျော်လွန်ပြီး ပါဝါပွိုင့်၌ ဖော်ပြထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နေရာလေးနေရာသို့ လက်နက်ကြီးကျည်ကိုးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမှာ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်၌ရှိသည့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရှိရကြောင်း၊ AA, ARSA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နှစ်နိုင်ငံကြား ပြဿနာဖြစ်ပွားအောင် မီးမွှေးပေးနေသည်ကို မိမိတို့အနေဖြင့် တွေ့ရှိရကြောင်း။
မိမိတို့နိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိအမှတ် ၃၄ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သို့ အကြောင်းကြားစာများ ပေးပို့ထားရှိပြီးဖြစ်ကြောင်း၊ စက်တင်ဘာ ၁၉ ရက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး ဖြစ်စဉ်အခြေအနေအမှန်ကို ရှင်းလင်းဖော်ပြထားသည့် စာလွှာကို ပေးအပ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားလိုကြောင်း၊ ထပ်မံဖြည့်စွက်ပြောကြား လိုသည်မှာ ဘူးသီးတောင်၊ မောင်တောဘက်အခြမ်းသည် ကုလသမဂ္ဂအထွေထွေ ညီလာခံလုပ်သည့် အချိန်တွင် နှစ်စဉ်နှစ်တိုင်းအမြဲတမ်း ပြဿနာဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ယခုနှစ်တွင် AA, ARSA ပူးပေါင်းပြီး နှစ်နိုင်ငံကြား ပြဿနာဖြစ်အောင် ဖန်တီးလာခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်နှင့် မီဒီယာများအနေဖြင့်လည်း မိမိတို့၏ ပြည်သူလူထုကို အသိပေး၊ သတိပေးသင့်သည်များကို အသိပေး၊ သတိပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။
လူဦးရေစာရင်းအပေါ် စိစစ်ဆောင်ရွက်လျက်ရှိ
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းတင်ပြရာ(က) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်မှု အခြေအနေ၊ ( ခ ) မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် အရပြုစုပြီးသည့် လူဦးရေစာရင်းအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေအပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်မှု အခြေအနေများကို ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိပြီး နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက်ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၁၉ ပါတီ နှင့် ဒေသအလိုက်ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၃၀ တို့ ပါရှိကြကြောင်း၊ ယင်းတို့အနက် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးမည့်ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း ၌ စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိပါကြောင်း။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီအနက် ယနေ့အထိ စစ်ဆေးပြီး ၈၅ ပါတီနှင့် စစ်ဆေးရန်ကျန်သည့် ၇ ပါတီဖြစ်ကြောင်း၊ စစ်ဆေးရာတွင် အများစုတွေ့ရှိသည့် စာရင်းဇယားများ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြုစုထားရှိမှုအားနည်းခြင်း၊ ငွေစာရင်းများ စနစ်တကျ ရေးဆွဲပြုစုခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး၊ အတည်ပြုထားရှိရန် လိုအပ်ခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ပါတီတွင်း စာရင်းစစ် ကော်မတီထားရှိခြင်း၊ တတ်ကျွမ်းသည့် ရုံးအဖွဲ့ထားရှိခြင်းနှင့် ငွေစာရင်းအပါအဝင် မှတ်တမ်းစာအုပ်များ စနစ်တကျ ထားရှိခြင်းများ ပြုလုပ်ရန် အားနည်းပျက်ကွက်ခြင်းတို့ဖြစ်ပြီး အမြန်ပြုပြင် လိုက်နာဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်တင်ပြရန် အကြောင်းကြားပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့မှုများအပေါ် မူတည်ပြီး ခြုံငုံသုံးသပ်တွေ့ရှိခြင်းသည် ပါတီအင်အား တစ်သိန်းအထက် စည်းရုံးနိုင်သည့်ပါတီ လေးပါတီ၊ တစ်သောင်းအထက် စည်းရုံးနိုင်သည့် ပါတီ လေးပါတီ၊ ငါးထောင်မှ တစ်သောင်းအတွင်း စည်းရုံးနိုင်သည့် ပါတီ ခြောက်ပါတီ၊ တစ်ထောင်မှ ငါးထောင်အတွင်း စည်းရုံးနိုင်သည့် ပါတီ ၇၀ ပါတီနှင့် ငါးရာမှ တစ်ထောင်ကြား စည်းရုံးနိုင်သည့်ပါတီ ရှစ်ပါတီရှိသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
အလားတူ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပါတီရုံးခန်း ၁၀၀ နှင့်အထက် ဖွင့်လှစ်နိုင်သည့်ပါတီ လေးပါတီ၊ ရုံးခန်း ၅၀ နှင့် ၁၀၀ အကြား ဖွင့်လှစ်နိုင်သည့်ပါတီ သုံးပါတီ၊ ရုံးခန်း ၂၀ နှင့် ၅၀ ကြား ဖွင့်လှစ်နိုင်သည့် ပါတီ ၁၂ ပါတီ၊ ရုံးခန်း ၁၀ မှ ၂၀ ကြား ဖွင့်လှစ်နိုင်သည့်ပါတီ ၁၄ ပါတီ၊ ရုံးခန်း နှစ်ခန်းမှ ၁၀ အကြား ဖွင့်လှစ်နိုင်သည့် ပါတီ ၄၄ ပါတီနှင့် ရုံးခန်းတစ်ခန်းသာ ဖွင့်လှစ်နိုင် သည့် ပါတီ ၁၅ ပါတီ စိစစ်တွေ့ရှိရကြောင်း၊ အထက်ပါစာရင်းများကို တင်ပြရာတွင် စစ်ဆေးရန် ကျန်ပါတီများ၏ စာရင်းများနှင့် စပ်လျဉ်းပြီး မိမိတို့ထံတွင် ယခင်ရရှိထားသည့် စာရင်းများအပေါ် မူတည်ပြီး ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်ပါကြောင်း( Power Point ) ဖြင့် ပြောကြားသည်။
ထို့အတူ ပါတီပိုင်ရန်ပုံငွေအနေဖြင့် သိန်းထောင် ဂဏန်းအထက်ရှိသည့် ပါတီ ၂၁ ပါတီ၊ သိန်းရာဂဏန်းနှင့် အထက်ရှိသည့် ပါတီ ၃၀ ပါတီ၊ သိန်းရာဂဏန်းအောက် ၂၀ ပါတီ၊ ရန်ပုံငွေလက်ကျန် မရှိသည့်ပါတီ ၁၄ ပါတီရှိပြီး ပိုင်ဆိုင်မှုစစ်ဆေး အတည်ပြုရန်ကျန်သည့်ပါတီ ခုနစ်ပါတီဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မှုကို လေ့လာခြင်းအားဖြင့် ကိုယ်စားလှယ်ဦးရေ ၅၀၀ ကျော် ယှဉ်ပြိုင်နိုင်သည့် ပါတီ သုံးပါတီ၊ ၁၀၀ ကျော်ယှဉ်ပြိုင်နိုင်သော ပါတီ ခုနစ်ပါတီ၊ ၅၀ နှင့် ၁၀၀ ကြားယှဉ်ပြိုင်နိုင်သည့်ပါတီ လေးပါတီ၊ ၁၀ ဦးနှင့် ၅၀ ကြား ယှဉ်ပြိုင်နိုင်သည့် ပါတီ ၂၈ ပါတီ နှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့် ပါတီ ၄၅ ပါတီ စိစစ်တွေ့ရှိရပါကြောင်း ပြောကြားသည်။ ထို့ကြောင့် ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေဖြင့် ယခင်ရွေးကောက်ပွဲတွင် သုံးစွဲခွင့်ပြုထားသည့် ရွေးကောက်ပွဲအသုံးစရိတ် ငွေကျပ်သိန်း ၁၀၀ အပေါ် သုံးစွဲခဲ့မှုအခြေအနေကို စိစစ်တွေ့ရှိရခြင်းသည် ၇၅ သိန်းမှ ၁၀၀ သိန်းအထိ သုံးစွဲသူ ၁၄ ရာခိုင်နှုန်း၊ ၅၀ သိန်းမှ ၇၅ သိန်းကြား သုံးစွဲသူ ၃၀ ရာခိုင်နှုန်း၊ ၁၀ သိန်းမှ ၅၀ သိန်းကြားသုံးစွဲသူ ၄၉ ရာခိုင်နှုန်းနှင့် ငွေကျပ် ၁၀ သိန်းအောက် သုံးစွဲသူ ခုနစ်ရာခိုင်နှုန်း တွေ့ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်သည် ရွေးကောက်ပွဲများဖြစ်
ထိုနေရာတွင် အလေးထားတင်ပြလိုခြင်းမှာ မြန်မာနိုင်ငံသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပါကြောင်း၊ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်သည် ရွေးကောက်ပွဲများဖြစ်ပြီး ရွေးကောက်ပွဲတွင် အဓိကပါဝင် ယှဉ်ပြိုင်ကြခြင်းသည် နိုင်ငံရေးပါတီများဖြစ်ကြောင်း၊ ထို့အတူ ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်းတို့သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အဓိကလုပ်ငန်း တာဝန်များဖြစ်ခြင်းကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယခုဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်း စီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်းအပေါ် Initial Voter List Scrutinizer Software (IVLS) ဖြင့် စိစစ်ဆောင်ရွက်မှု အခြေအနေများကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကျင်းပမည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြုစုထားသည့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)များကို ရယူအခြေခံပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ထားသည့် မဲစာရင်းများကို ပြင်ဆင်ပြုစုခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) များကို အခြေခံ၍ ပြုစုထားသည့်စာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထားသည့် မြေပြင်လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေ့ပြေးလုပ်ငန်းစီမံချက်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ မြို့နယ်အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်ရှစ်မြို့နယ်မှ စိစစ်တွေ့ရှိချက်များအပေါ် သုံးသပ်အခြေခံပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှေ့ပြေးလုပ်ငန်း စီမံချက်ကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ရှေ့ပြေးလုပ်ငန်း စီမံချက်အရပြုစုပြီးသည့် လူဦးရေစာရင်းများအနက် အခြေခံမဲစာရင်းတွင် ဥပဒေအရ မထည့်သွင်းရမည့် လူဦးရေစာရင်းများဖြစ်သည့် လဝကပုံစံ (၆၆/၆) ရှိသော်လည်း မြေပြင်နေထိုင်မှုမရှိသူများ၊ သေဆုံးသူများ၊ အခြားမြို့နယ်၏ လဝကပုံစံ (၆၆/၆)ဖြင့်နေထိုင်သူများ၊ လဝကပုံစံ(၆၆/၆)မရှိဘဲ မြေပြင်တွင် နေထိုင်သူများကို နုတ်ပယ်ပြီး ကျန်ရှိသည့် လူဦးရေစာရင်းများကို အခြေခံမဲစာရင်း ပြုစုနိုင်ရန် ကနဦးမဲဆန္ဒရှင်စိစစ်ခြင်းစနစ်(IVLS)ဖြင့် စိစစ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်အားလုံးကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုအထဲမှ နယ်မြေလုံခြုံရေးအခြေ အနေအရ မစိစစ်နိုင်သေးသည့် မြို့နယ်အချို့ကျန်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပပြုလုပ်ရမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရန်အတွက် ယခုစိစစ်ရာတွင် တွေ့ရှိရသည့် သေဆုံးသူများနှင့် လဝကပုံစံ (၆၆/၆) ရှိပြီး မြေပြင်တွင် နေထိုင်မှုမရှိသူများကို စိစစ်ပယ်ဖျက်နိုင်ရေးနှင့် လဝကပုံစံ(၆၆/၆)မရှိဘဲ နေထိုင်သူများနှင့် အခြားမြို့နယ်၏ လဝကပုံစံ (၆၆/၆) ဖြင့် နေထိုင်သူများကို လက်ရှိနေထိုင်ရာဒေသ မဲစာရင်းတွင် ပါဝင်လာနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က IVLS နှင့် စိစစ်ထားသည့် စာရင်းဇယားများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပန်ကြား အပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးနှင့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းနှင့် Up date ပြုလုပ်နိုင်ရေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ ဖြည့်တင်းခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဲရုံများစုဖွဲ့ခြင်းနှင့် မဲရုံသုံးပစ္စည်းစာရင်းများ ပြုစုပြင်ဆင်ခြင်း၊ အခြေခံ အဆောက်အအုံများဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ တည်ဆောက်ခြင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်စစ်ဆေးခြင်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနေရာတွင် အလေးထားတင်ပြလိုခြင်းသည် ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် အချိုးကျ ကိုယ်စားပြုစနစ်(PR)နှင့် ဥပဒေမူဘောင်အပါအဝင် သိသင့်သိထိုက်သည့် အကြောင်းအရာများကို မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံပိုင်သတင်းစာများမှ နိုင်ငံတကာ ရွေးကောက်ပွဲစနစ်များ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါး ၄၆ ပုဒ်ကို ရေးသားဖော်ပြခဲ့ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာအုပ် လေးအုပ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး၊ PR စနစ်နှင့် ပတ်သက်ပြီး မဲဆန္ဒရှင်အသိပညာပေး ရုပ်/သံအစီအစဉ် နှစ်ခုကို ရိုက်ကူးခဲ့ပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားအစီအစဉ်များတွင် ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ သီချင်း သုံးပုဒ်ကိုလည်း ရိုက်ကူးထားပြီဖြစ်ကြောင်း၊ ထို့အတူ မဲဆန္ဒရှင်များ မဲရုံတွင် စနစ်တကျ မဲပေးနိုင်ရေး မဲရုံသရုပ်ပြ အစီအစဉ်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ရိုက်ကူးလျက်ရှိကြောင်း၊ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအနေဖြင့် မိမိကွပ်ကဲမှုနယ်မြေဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်က ဝန်ထမ်းများကို အချိုးကျ ကိုယ်စားပြုစနစ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနှင့် စပ်လျဉ်းပြီး ကိုယ်တိုင် သွားရောက်၍လည်းကောင်း Online မှတစ်ဆင့် လည်းကောင်း ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ် (၁) ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)