ပဲခူး စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဟိုတယ်လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားလာမှု တစ်ခု၊ ခရီးသွားဧည့်လမ်းညွှန် သက်တမ်းတိုးခြင်း လေးခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း ၁၀ ခုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ နည်းဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါအစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှု အမြင့်မားဆုံးဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အဖိုးမဖြတ်နိုင်သော သမိုင်းဝင်နေရာများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝတောတောင်ရေမြေ အလှအပများကို အသုံးချ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဦးတည်ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသော ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် စိတ်ကူးသစ်များဖြင့် ကြိုတင်ကြံဆ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်အဦ၊ ကျုံး၊ မြို့ရိုးများကို ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာသစ်များ ဖော်ထုတ်ခြင်း၊ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာ လှပစေရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်း ၃၅၇ ဦးအတွက် ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်