နေပြည်တော် စက်တင်ဘာ ၂၂
ပြည်သူများ အရည်အသွေးမီ ဆန်များ ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်- တပ်ကုန်း ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း သတင်းစာတိုက်များမှ ဝန်ထမ်းများအတွက် အရည်အသွေးမီဆန်များကို ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ထို့အတူ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရှိ ဝန်ထမ်းများအတွက်လည်း အရည်အသွေးမီ ဆန်များကို ဈေးနှုန်းမှန်ကန်ချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဧရာပေါ်ဆန်း 10 kg တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀ နှုန်း၊ ဧည့်မထ 10 kg တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀ နှုန်း၊ ရွှေမနော 10 kg တစ်အိတ်လျှင် ၁၁၀၀၀နှုန်း၊ ဧရာမင်း 10 kg တစ်အိတ်လျှင် ၁၄၀၀၀ နှုန်း၊ ဆင်းသုခ 10 kg တစ်အိတ်လျှင် ၁၁၀၀၀ နှုန်းတို့ဖြင့် စုစုပေါင်း ဆန်အိတ် ၅၀၀ ကျော် ရောင်းချပေးခြင်းဖြစ်ပြီး အခြား ဝန်ကြီးဌာနများရှိ ဝန်ထမ်းများအတွက်လည်း ဆက်လက်ရောင်းချပေးမည့်အပြင် အများ ပြည်သူ ဈေးနှုန်းမှန်ကန်ချိုသာစွာ ဝယ်ယူနိုင်ရန် နေပြည်တော် မြို့မဈေး၊ သပြေကုန်းဈေး၊ အာဟာရသုခဈေးနှင့် ပုဗ္ဗသီရိဈေးတို့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်