နေပြည်တော် စက်တင်ဘာ ၂၂
(၁၆) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် စုံညီအစည်းအဝေး (16th AMMTC) ကို စက်တင်ဘာ ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။ ၎င်း၏ ဆက်စပ်အစည်းအဝေးများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား)တို့နှင့် ပြုလုပ်သော အစည်းအဝေးများကို ယနေ့ နံနက် ၇ နာရီတွင် ဆက်လက်ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပူးတွဲကြေညာချက် အတည်ပြု
9th AMMTC + China ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို နံနက်ပိုင်းတွင်ကျင်းပရာ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiao Hong (မစ္စတာ ဝမ်ရှောင်းဟုန်) တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာကို အကောင်အထည် ဖော်မည့် လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃) နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းနှင့် ပူးတွဲကြေညာချက် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ပူးတွဲသဘာပတိ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး / ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က သမားရိုးကျမဟုတ်သော လုံခြုံရေးအခန်းကဏ္ဍ၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်နိုင်မည့်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်ယုံကြည်မှု ခိုင်မာအားကောင်း စေမည့် နည်းလမ်းများ ဖော်ထုတ်သွားကြမည်ဖြစ်ပါကြောင်း၊ ဖော်ထုတ်ရရှိသည့် နည်းလမ်း များကို အကောင်အထည်ဖော်ရာတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ၊ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်တွင် ခိုအောင်းနေသော ရာဇဝတ်ဂိုဏ်းများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
နည်းပညာတိုးမြှင့်အသုံးပြုလာ
ယင်းနောက် 12th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုရီးယား) တို့နှင့် ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့မှ ဝန်ကြီးအဆင့် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှုသည် လွန်ခဲ့သည့်နှစ်များမှ စတင်၍ သိသာထင်ရှားစွာ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာခဲ့ပါကြောင်း၊ အကြမ်းဖက် သမားများသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများ (ICT) အပါအဝင် ဆန်းသစ်သော နည်းပညာရပ်များကို တိုးမြှင့်အသုံးပြုလာကြပါကြောင်း၊ ထို့ပြင် ၎င်းတို့သည် လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IEDs) နှင့် Drone များကို တွဲဖက်အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြပါကြောင်း၊ နောင်အနာဂတ်တွင် အကြမ်းဖက် သမားများသည် Drone များကို အသုံးပြု၍ ပြင်းအားမြှင့်ဖောက်ခွဲရေးပစ္စည်းများဖြင့် ပိုမိုဆောင်ရွက်လာကြမည်ဖြစ်ပါကြောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် World Trade Center တိုက်ခိုက်ခံရမှုကဲ့သို့ ခေတ်သစ် ၉/၁၁ တိုက်ခိုက်မှုကြီးမျိုး ကျူးလွန် နိုင်သည့် ကြိုးပမ်းဆောင်ရွက်မှုမျိုး ပြုလုပ်လာနိုင်ပါကြောင်း၊ လက်နက်မှောင်ခို မှုခင်းများသည် အကြမ်းဖက်အုပ်စုများနှင့် ချိတ်ဆက်မှုရှိနေသဖြင့် လူ့အသိုင်းအဝိုင်းများ လုံခြုံဘေးကင်းမှုတွင် ခြိမ်းခြောက်မှုဖြစ်စေပါကြောင်း၊ အာဆီယံ + ၃ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းစီမံချက်မူဘောင်မှ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း သိမ်းဆည်းရမိသော Drone များကို ခွဲခြမ်းစိတ်ဖြာ၍ ဒစ်ဂျစ်တယ်သက်သေခံ အထောက်အထားများ ဖော်ထုတ်ရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ပြုလုပ် ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် နံနက် ၁၁ နာရီတွင် 7th AMMTC + Japan ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို လည်းကောင်း၊ မွန်းလွဲ ၂နာရီခွဲတွင် 3rd AMMTC + ROK ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးကို လည်းကောင်း ကျင်းပရာ အစည်းအဝေးများတွင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာစီးပွားရေးမှုခင်း၊ အကျဉ်းသားများ၊ လူဝင်မှုကြီးကြပ်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် နည်းပညာမြင့်သောမှုခင်းများ စသည့်ကိစ္စရပ် များနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအတွက် စွမ်းရည်မြှင့်တင်ခြင်းနှင့် သတင်းအချက်အလက်၊ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာ ကျွမ်းကျင်မှုများ ဖလှယ်ခြင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို လက်ရှိပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ မူဘောင်မှ ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် AMMTC ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ကျင်းပရာ ၂၀၂၃ ခုနှစ်တွင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ AMMTC ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်