နေပြည်တော် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၏ ဒေသတွင်းလူမှုစီးပွားကို အထောက်အကူပြုစေမည့် ဧရာဝတီ တံတား (သရက် - အောင်လံ) တည်ဆောက်ရေးစီမံကိန်းသည် ယခုအခါ တံတား တစ်စင်းလုံး တည်ဆောက်မှု၏ ၅၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) မှ သိရသည်။
“လုပ်ငန်းပြီးစီးမှုအနေနဲ့ ပင်မတံတား အုတ်မြစ်လုပ်ငန်း ရာခိုင်နှုန်းပြည့် ဆောင်ရွက် ပြီးပါပြီ။ တံတားတိုင်တွေအနေနဲ့ ပင်မတံတား RP1 ကနေ RP13 အထိ ရှိရာမှာ RP2 တစ်ခုပဲ ဆောင်ရွက်ဖို့ ကျန်ပါတယ်။ ဧရာဝတီမြစ်ရေ ကျချိန်မှ RP2 လုပ်ငန်းတွေကို ဆောင်ရွက်သွား မှာဖြစ်ပြီးတော့ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မှာ ပင်မတံတား ရေလယ်တိုင်တွေအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးမှာ ဖြစ်ပါတယ်။ ချဉ်းကပ် တံတားကြမ်းခင်းလုပ်ငန်းအနေနဲ့ သရက် ဘက်ကမ်းမှာ မီတာ ၃၀ အကျယ် ၁၀ ခန်းအနက် ကိုးခန်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အောင်လံဘက်ကမ်း ချဉ်းကပ်တံတား ကြမ်းခင်းလုပ်ငန်း မီတာ ၃၀ အကျယ် ရှစ်ခန်းရှိတဲ့အနက် ခုနစ်ခန်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်မှာ ချဉ်းကပ်တံတား ကြမ်းခင်းနဲ့ လက်ရန်းလုပ်ငန်းအားလုံး ရာခိုင်နှုန်းပြည့် ပြီးစီးမှာ ဖြစ်ပါတယ်” ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃) မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။
ယင်းတံတား တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃)က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် စတင် ဆောင်ရွက်ခဲ့သည်။
၂၀၁၈ (Mini Budget) တွင် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ချဉ်းကပ်တံတားအုတ်မြစ်နှင့် ကိုယ်ထည်လုပ်ငန်းများကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ချဉ်းကပ်တံတားအုတ်မြစ်၊ ကိုယ်ထည်နှင့် အပေါ်ထည်လုပ်ငန်းများကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပင်မတံတား ရေလယ်တိုင်အုတ်မြစ်နှင့် ကိုယ်ထည်လုပ်ငန်းများကို လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တွင် ပင်မတံတား ရေလယ်တိုင်အုတ်မြစ်နှင့် ကိုယ်ထည်လုပ်ငန်း များကိုလည်းကောင်း တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၃) က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပင်မတံတား သံပေါင်အတွက် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှာ တင်ဒါခေါ်ယူထားဆဲဖြစ်ပြီး သံပေါင်ရရှိမှုအပေါ်မူတည်ပြီး သံပေါင် သယ်ယူခြင်း၊ တပ်ဆင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး စီမံကိန်းလုပ်ငန်းတွေကို ပြီးစီးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် စီမံကိန်းလုပ်ငန်းတွေ အားလုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်မှာ အပြီးဆောင်ရွက်ဖို့ လျာထားပါ တယ် ” ဟု တံတားတည်ဆောက်ရေး အဖွဲ့(၃)မှ ညွှန်ကြားရေးမှူးက ပြောသည်။
သန်းမင်းအောင်(သတင်းစဉ်)