နေပြည်တော် စက်တင်ဘာ ၂၁
တရုတ်ပြည်သူ့ ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးအသင်း CHINESE PEOPLE’S ASSOCIATION FOR PEACE AND DISARMAMENT (CPAPD) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ယနေ့ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” သို့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ဦးဆောင်သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်အဖွဲ့သည် ရုပ်သံမှတစ်ဆင့် တက်ရောက်ကြသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ ၁၉၈၁ ခုနှစ်၌ စတင်သတ်မှတ်ခဲ့ပြီး နှစ်စဉ်စက်တင်ဘာလ ၂၁ ရက်နေ့တွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်လျက်ရှိသည်။ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ၂၀၂၂” ကို ကြီးမှူး၍ ကျင်းပပြုလုပ်သော CPAPD သည် ၁၉၈၅ ခုနှစ်၊ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အရပ်ဘက်အဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ခန့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သုတေသနအဖွဲ့ပေါင်း ၃၀၀ ကျော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံတကာနှင့် ဒေသတွင်း လက်နက်ထိန်းချုပ်ရေး၊ ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့အပေါ် အဓိကထား ဆောင်ရွက်လျက်ရှိသည်။
CPAPD သည် ငြိမ်းချမ်းမှုပြန့်ပွားရေးနှင့် မြှင့်တင်ရေးတို့ကို အလေးထားလျက် ၁၉၈၉ ခုနှစ်မှ စတင်၍ “သိပ္ပံနှင့်ငြိမ်းချမ်းရေး နိုင်ငံတကာသတင်းပတ်” (၃၃) ကြိမ် ကျင်းပပြုလုပ်ခဲ့မှု အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် ပူးတွဲ၍ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား” (၈) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။
“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ၂၀၂၂” အား လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ ရုပ်သံမှတစ်ဆင့်လည်းကောင်း တက်ရောက်နိုင်သည့် ဖက်စပ်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Wang Quishan တက်ရောက်မိန့်ခွန်း ပြောကြားဖွင့်လှစ်၍ နိုင်ငံပေါင်း ၆ နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင် ၆ ဦးနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း အတွင်းရေးမှူးချုပ်တို့က ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် သံတမန်များက လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး နိုင်ငံအသီးသီးမှ နိုင်ငံရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့ ကိုယ်စားလှယ်များက ရုပ်သံမှတစ်ဆင့် တက်ရောက်ကြသည်။
အခမ်းအနားကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိမ်းသိမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကနဦးလုပ်ငန်းအား အရေးယူ ဆောင်ရွက်ခြင်း” အား ရွေးချယ်အတည်ပြုခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)