Skip to main content

မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံများ လျာထားသတ်မှတ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ညှိနှိုင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံများ လျာထားသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၀ရက်နှင့် ၂၁ရက်တို့တွင် မြို့နယ်အလိုက် ကွင်းဆင်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

တွေ့ဆုံစဉ်အဖွဲ့ဝင်များသည် နယ်မြေအလိုက် မဲရုံသတ်မှတ် ဖွဲ့စည်းမှုများနှင့်ပတ်သက်၍ စိစစ်ညှိနှိုင်း အတည်ပြုခြင်း၊ လျာထားမဲရုံများ ကွင်းဆင်းစစ်ဆေး အတည်ပြု ဆောင်ရွက်ခြင်း၊ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိ၍ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများသာ ဆန္ဒမဲပေးနိုင်မည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ရွေးကောက်ပွဲအကြိုကာလ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ၊ မဲရုံသုံးပစ္စည်းများ ထပ်မံဖြည့်ဆည်းရန် လိုအပ်ချက်များကို ဆွေးနွေးခြင်း၊ ပြောင်းလဲကျင့်သုံးသွားမည့် ရွေးကောက်ပွဲပုံစံနှင့် မဲပေးမှုစနစ်ဆိုင်ရာကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်