နေပြည်တော် စက်တင်ဘာ ၂၀
လာမည့်ပညာသင်နှစ်မှ စတင်၍ ခရိုင် ၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်၍ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပြောကြားသည်။
ပြောကြား
ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် KG+12 သင်ရိုး ညွှန်းတမ်းနှင့် တက္ကသိုလ်သင်ရိုး ညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲ နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယင်းကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။
ပညာရေးဝန်ကြီးဌာန အနေ ဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ KG+9 အောင်မြင်ပြီးသူများ အနေ ဖြင့် Grade 10၊ Grade 11၊ Grade 12 နှင့် အဆင့်မြင့်တက္ကသိုလ် ပညာများအထိ သင်ယူနိုင် ကြောင်း၊ Grade 10၊ Grade 11၊ Grade 12 အထိ မတက်ရောက်တော့ဘဲ စိုက်ပျိုးရေးအထက်တန်း ကျောင်း၊ မွေးမြူရေးအထက်တန်း ကျောင်းနှင့် နည်းပညာအထက် တန်းကျောင်းများသို့ တက်ရောက် လိုပါကလည်း တက်ရောက်နိုင်ကြောင်း။
သို့ဖြစ်ပါ၍ KG+12 အောင်မြင် ပြီး တက္ကသိုလ် ဆက်လက် တက်ရောက် ပညာသင်ယူသူများ အတွက် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်မှု၊ ဆက်စပ်မှုရှိစေရေးကို ဝိုင်းဝန်း၍ စိစစ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် ပထမနှစ် သင်ရိုးညွှန်းတမ်းနှင့် ချိတ်ဆက်မှုရှိ၊ မရှိ စိစစ်နိုင်ရေး အတွက် Grade 12 သင်ရိုး ညွှန်းတမ်း သို့မဟုတ် Grade 12 outlines များကို ချပြဆွေးနွေးရန် လိုအပ်ကြောင်း၊ သင်ရိုးညွှန်းတမ်း နှင့် ဘာသာရပ်ဆိုင်ရာ အရည် အသွေး တိုးတက်ကောင်းမွန် ရေးအတွက် ဘာသာရပ် သင်ကြားရေးအဖွဲ့ (Board of studies) တွင် ခင်မင်ရင်းနှီးမှုကို အခြေခံသည့် ဖွဲ့စည်းခြင်းမျိုး မလုပ်ဘဲ အရည်အချင်းရှိသူများ၊ အငြိမ်းစားဆရာကြီးများ၊ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကြီးများ၊ ရာထူးငယ်သော်လည်း ဘာသာရပ်ကျွမ်းကျင်သူ ဆရာများကို ဖိတ်ကြား၍ ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မဟာတန်းနှင့် ပါရဂူတန်း ပြင်ပကျမ်း ကြီးကြပ်သူ များအဖြစ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများကို ထည့်သွင်းဖွဲ့စည်းသွားကြရန် တက္ကသိုလ်အားလုံးတွင် တာဝန်ရှိကြောင်း၊ ပညာရေး နိမ့်ကျနေသည်ကို ကုစားနိုင်ရေး အတွက် လမ်းကြောင်းမှန်ကို ဝိုင်းဝန်းပူးပေါင်းရှာဖွေဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အုပ်စု မဖွဲ့ကြရန်နှင့် အားနည်းသူကို လက်တွဲခေါ်ပြီး တိုးတက်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ပညာရေးအရည်အသွေး မြင့်မား ရေးအတွက် စေတနာ၊ မေတ္တာ ရှေ့ထား၍ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြစေလို ကြောင်းနှင့် ရာထူးတိုး၊ ရာထူး ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ညှိနှိုင်းအစည်းအဝေးတွင် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အဆင့်မြင့် ပညာကဏ္ဍတွင် သင်ကြားသင်ယူ မှုစနစ် မြှင့်တင်ရေး၊ သင်ရိုး ညွှန်းတမ်းချိတ်ဆက်ရေး၊ ဂုဏ်ထူး တန်းဘွဲ့ သင်တန်းများ၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် မြန်မာ့ရေးရာ ဘာသာရပ် သင်တန်းများကို ထိရောက်စွာ အလေးထား သင်ကြားရေးနှင့် သုတေသန ဆောင်ရွက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးသည်။
ယင်းနောက် အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်