နေပြည်တော် စက်တင်ဘာ ၂၀
ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းနှင့် သတင်း ရေးသားခြင်းဆိုင်ရာ အမှတ်စဉ်(၁) မှ သင်တန်းသား သင်တန်းသူများနှင့် နေပြည်တော်ရှိ အစိုးရနည်း ပညာကောလိပ် AGTI သင်တန်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိကြသည့် လျှပ်စစ် ဆက်သွယ်ရေး အင်ဂျင်နီယာနှင့် သုတနည်းပညာ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများ သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားသို့ ကြည့်ရှုလေ့လာကြသည်။
အဆိုပါ သင်တန်းများမှ သင်တန်းသား သင်တန်းသူများနှင့် ကျောင်းသူ ကျောင်းသားများ သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်း ပြသထား သည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့ကြသည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်း တင်ဆက်မှုပုံစံငယ်များ၊ ခေတ် အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင်ပါဝင် ဆောင်ရွက်ခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြား များနှင့် အခြားအသုံးအဆောင် ပစ္စည်းများစသည့် ပြခန်း ၄၀ တွင် ခင်းကျင်း ပြသထားမှုများအပြင် ပင်မ အဆောက်အဦအတွင်း ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို ကြည့်ရှုလေ့လာကြကြောင်းနှင့် သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူ များက ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်