Skip to main content

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ရေးညှိနှိုင်းအစည်းအဝေးနှင့် စက်မှုဝန်ကြီး ဌာနရှိ အရာထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်   စက်တင်ဘာ   ၂၀

ကိုဗစ်-၁၉ ရောဂါကြောင့်  ထိခိုက် နစ်နာခဲ့ရသော   စီးပွားရေးလုပ်ငန်းများ  ပြန်လည် ကုစားနိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ ကို  ရန်ပုံငွေ အဖြစ်  ထူထောင်ထားရှိပြီး စိုက်ပျိုးရေးနှင့်  စိုက်ပျိုးရေး အခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်လုပ်ငန်း ရှင်များကိုထောက်ပံ့ပေးသွားမည် ဖြစ်၍စီးပွားရေးလုပ်ငန်းများ အမြန်ပြန်လည် ဦးမော့လာစေရေး အထူး အလေးထား  ကူညီဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားသည်။

ဖြည့်ဆည်းထောက်ပံ့

ထို့ပြင် ပုဂ္ဂလိကပိုင်   စိုက်ပျိုး ရေးအခြေခံကုန်ထုတ်လုပ်မှု လုပ်ငန်းများ   တိုးမြှင့်ဆောင်ရွက် နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ပုဂ္ဂလိက လုပ်ငန်းရှင်များ လိုအပ်သည့် နည်းပညာရရှိရေးနှင့် လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး   စီမံဆောင် ရွက်ကြရမည်ဖြစ်ကြောင်း   ပြောကြားသည်။

ပြည်တွင်း၌ပြည်သူလူထု အတွက် လိုအပ်သော ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ် အထည်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ တိုးတက် ထုတ်လုပ်နိုင်ရေး  ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  စက်မှုဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌   ကျင်းပစဉ်  ပြည်ထောင်စုဝန်ကြီး က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီမံဆောင်ရွက်ထားရှိ

ထို့နောက်   ဦးစီးဌာန/စက်မှု လုပ်ငန်းများမှ ညွှန်ကြားရေးမှူး ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး များက ဩဂုတ်လအတွင်း လုပ်ငန်း ဆောင်ရွက်မှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးစီမံဆောင်ရွက်ထားရှိ ထားမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် ရေးနည်းပညာများ  ဖြန့်ဝေပေးခဲ့မှု၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှုနှင့်  ဆက်လက် ဆောင်ရွက်သွားမည့်  အစီအမံ တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက   လိုအပ် သည်များ မှာကြားသည်။

ရှင်းလင်းဆွေးနွေး

မွန်းလွဲပိုင်းတွင်   ဝန်ကြီးဌာန အတွင်းရှိ  အရာထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ  ပြည်ထောင်စုဝန်ကြီးကဝန်ထမ်း အဖွဲ့အစည်းအတွင်း တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပေါင်းစပ်ညှိနှိုင်းမှုတို့နှင့်   ပတ်သက်၍လည်းကောင်း၊ အဖွဲ့အစည်း အတွင်းပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ခြင်းသည် မူဝါဒနှင့်  အုပ်ချုပ်ရေး စွမ်းဆောင်နိုင်မှု  အားကောင်းရန် ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊အဖွဲ့အစည်း တစ်ခုတွင်   အက်စ် (၇)လုံး   ဖြစ် သည့်မဟာဗျူဟာ၊ဖွဲ့စည်း တည်ဆောက်ပုံ၊   စနစ်များ၊ ခေါင်းဆောင်မှု၊အတူထားရှိကြ သောတန်ဖိုးများ၊ ကျွမ်းကျင်မှု၊ ဝန်ထမ်းရေးရာတို့နှင့် ပတ်သက် ၍လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည် မူဘောင် ကိုလည်းကောင်း၊ အရာထမ်း များအတွက်ကျွမ်းကျင်မှု မူဘောင် (၁၀)ချက်တို့ကို  လည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်း အတွင်း စိတ်ဓာတ်နှင့် အမူအကျင့် သစ်များထူထောင်ရေး ဆောင်ရွက် သင့်သည့်  အဆင့် (၆)ဆင့်ကို လည်းကောင်း၊ဝန်ထမ်းအဖွဲ့ အစည်းအတွင်း   စွမ်းဆောင်ရည် တိုးမြှင့်စေရေး  ဆောင်ရွက်ရမည့် စွမ်းဆောင်မှု နယ်ပယ်(၃)ခုနှင့် ပတ်သက်၍  လည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။

ပြန်လည်ရှင်းလင်းဖြေကြား

ထို့နောက် အလုပ်ရုံဆွေးနွေး ပွဲသို့ တက်ရောက်လာကြသူများက  သိလိုသည်များကို  မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီးက  ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက်စာရင်းအင်း ကောင်စီ၊ ဆေးကောင်စီနှင့် အင်ဂျင်နီယာကောင်စီတို့မှ  အသိအမှတ်ပြု လက်မှတ်များရရှိထားကြသည့် အထွေထွေမန်နေဂျာများက  သက်ဆိုင်ရာ ကောင်စီများမှသတ်မှတ်ရေးဆွဲထုတ်ပြန်ထားသော လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် ကျွမ်းကျင်မှု ဆိုင်ရာသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်