နေပြည်တော် စက်တင်ဘာ ၁၉
စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေး
တွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က CMP ရင်းနှီးမြှုပ်နှံသူများ၏လုပ်ငန်းများ လွယ်ကူချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ CMP စီးပွားရေးလုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးရန်ပြောကြားပြီး တက်ရောက် လာသူများနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသား CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်