နေပြည်တော် စက်တင်ဘာ ၁၉
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ FATF ၏ တိုးမြှင့် စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring)မှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ပြောကြား
ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည့် ဘဏ်လုပ်ငန်းကဏ္ဍတွင် AML/CFT ဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များနှင့် ဘဏ်များ ဆက်လက်ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် Action Plan ပါ အချက်များအနက် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေ မြင့်မားသည့်အပိုင်းများ အပါအဝင် Onsite နှင့် Offsite စစ်ဆေးခြင်းကို အချိန်မီဆောင်ရွက်ခဲ့သည့်အတွက် ကြီးမားစွာ လိုက်နာဆောင်ရွက်ကြောင်း (Largely Addressed) အဆင့်သတ်မှတ်ချက် ရရှိထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဘဏ်များ၏ အကြီးအကဲများ၊ အမှုဆောင်များ၊ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် AML/CFT ၏ အရေးကြီးပုံကို ကိုယ်တိုင်ကောင်းစွာ နားလည်သဘောပေါက်ပြီး မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်သွားရန်၊ မိမိဘဏ်၏ Compliance Team ကို လိုအပ်သည့် လမ်းညွှန်မှုများ၊ လုပ်ပိုင်ခွင့်များနှင့် ပံ့ပိုးမှုများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်နှင့် ဘဏ်များ၏ လျှို့ဝှက်ထားရန် တာဝန်ကိုကျိုးပေါက်မှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်ပငွေလွှဲလုပ်ငန်း ကုမ္ပဏီများကြီးကြပ်ရေး လက်စွဲပြုစုထားပြီးဖြစ်၍ ပြည်ပငွေလွှဲကုမ္ပဏီများကို မကြာမီသွားရောက် စစ်ဆေးမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ FATF ၏ တိုးမြှင့်စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring) တွင် ထည့်သွင်းခြင်းခံရပြီးနောက် လေးလလျှင်တစ်ကြိမ်၊ အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းအဖွဲ့ (APJG)မှ မြန်မာနိုင်ငံ၏ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌက ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေကို ဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့်ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသည့် အချက်များနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌနှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများနှင့် နိုင်ငံခြားလက်အောက်ခံဘဏ်များမှ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်