ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကျောင်းများ၊ ပရဟိတဂေဟာများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့် သင်တန်းများ၊ ဘော်ဒါဆောင်များ၊ အားကစားသမားများအား စခန်းသွင်း လေ့ကျင့်ခြင်းနှင့် အကျဉ်းထောင်များ၊ အချုပ်ထောင်များ အစရှိသော လူအများစုဝေး နေထိုင်ရာနေရာ (Institution)များတွင် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါလူအများ စုဝေးနေထိုင်ရာနေရာ (Institution) များ၌ နေထိုင်သူများသည် အောက်ဖော်ပြပါ စည်းကမ်းချက်များကို တိကျစွာ ပူးပေါင်းလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်-
လူအများစုဝေးနေထိုင်ရာနေရာ (Institution) များတွင် နေထိုင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ
၁။ (က) အသက်ငါးနှစ်နှင့် အထက်ရှိသူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံထားရှိရန်နှင့် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသူများသည် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းကို မပျက်မကွက်ခံယူကြရန်၊
( ခ ) အလုံပိတ်အခန်းအတွင်း လူအများနှင့်အတူရှိနေခြင်း၊ အခန်းအတွင်း ပြင်ပမှလာရောက်သူများရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို အမြဲဝတ်ဆင်ထားရန်၊
( ဂ ) လက်ကိုမကြာခဏ စက္ကန့်(၂၀)ကြာ ရေ၊ ဆပ်ပြာ သို့မဟုတ် အယ်လ်ကိုဟော (၆၀%)ပါဝင်သော လက်သန့်စင်ဆေးရည် (Hand Sanitizer/Gel) ဖြင့် စနစ်တကျ ဆေးကြောရန်၊
(ဃ) ရုတ်တရက်နှာချေခြင်း၊ ချောင်းဆိုးခြင်း ပြုသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ရန်၊
( င ) စားသောက်ရာတွင် အတူစုဖွဲ့စားသောက်ခြင်း၊ မျက်နှာချင်းဆိုင် စားသောက်ခြင်း၊ စားသောက်နေစဉ် စကားပြောဆိုခြင်းများ တတ်နိုင်သမျှ မပြုလုပ်ကြရန်၊
( စ ) ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာခံစားရသူရှိပါက သက်ဆိုင်ရာ တာဝန်ကျ ဝန်ထမ်းထံသို့ ချက်ချင်းသတင်းပေးပို့ရန်။
လာရောက်တွေ့ဆုံသော ဧည့်သည်များ လိုက်နာရန်အချက်များ
၂။ (က) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်ရန်၊
( ခ ) လာရောက်တွေ့ဆုံစဉ် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ အမြဲဝတ်ဆင်ထားရန်၊
( ဂ ) Institution အဝင်/ထွက်တွင် ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုခံယူရန်၊
(ဃ) ဖျားနာခြင်းနှင့် အခြားကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများ ခံစားနေရပါက လာရောက်ခြင်းမပြုရန်၊
( င ) အတူတကွ ဝိုင်းဖွဲ့စားသောက်ခြင်း လုံးဝမပြုလုပ်ရန်၊
( စ ) လူစုလူဝေးမဖြစ်စေရေး ဂရုပြုနေထိုင်ရန်။
ကျန်းမာရေးဝန်ကြီးဌာန