Skip to main content

ကလေးငယ်များသည် အနာဂတ်အတွက်တန်ဖိုးရှိသော ရတနာများဖြစ်၊ ကလေး တစ်ဦးချင်းစီကို တန်ဖိုးထားပြုစုပျိုးထောင်ပေးရန်လို

နေပြည်တော် စက်တင်ဘာ ၁၆

ကလေးငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသောရတနာများဖြစ်၍ ကလေးတစ်ဦးချင်းစီကို တန်ဖိုးထားပြုစုပျိုးထောင်ပေးခြင်းဖြင့် ၎င်းတို့၏ ရေရှည်ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်းနှင့် နန်းထိုက်ရတနာ မူလတန်းကြိုကျောင်းများသို့ ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက ကလေးငယ်များအား ကျန်းမာပျော်ရွှင်စွာဖြင့် နေ့စဉ်သင်ကြား လေ့ကျင့်မှုများဆောင်ရွက်နိုင်ရန် အဓိကဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ဆေးခြင်းအလေ့အထနှင့် ကိုဗစ်စည်းမျဉ်းများနှင့်အညီ နေထိုင်တတ်စေရန် သင်ကြား ပေးရမည်ဖြစ်ကြောင်း၊ ကလေးငယ်များမှတစ်ဆင့် မိဘအုပ်ထိန်းသူများကိုလည်း ဖြန့်ဝေ ပေးနိုင်စေရန် လေ့ကျင့်သင်ကြားပေးနိုင်ပါကြောင်း သက်ဆိုင်ရာ မူလတန်းကြိုကျောင်း များက ကျောင်းအုပ်များ၊ ဆရာမများနှင့် ကျောင်းသားမိဘများအား တွေ့ဆုံ၍ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မူလတန်းကြိုကျောင်းများတွင် ကလေးများအား သင်ကြား လေ့ကျင့်နေမှုများနှင့် ကျောင်းခန်းအတွင်း၊ အပြင်သင်ယူရန်နေရာများ၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့ကို လှည့်လည်ကြည့်ရှုပြီး ၎င်းတို့၏ဖွံ့ဖြိုးမှုကို ကိုယ်ပိုင်စွမ်း ရည်များ အပြည့်အဝရရှိစေရန်နှင့် တတ်မြောက်နိုင်စွမ်းရရှိသည်အထိ ပံ့ပိုးပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်းများအဖြစ် မိဘများ၊ ဆရာမများဝိုင်းဝန်း၍ ဟန်ချက်ညီဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့်လည်း ဆန်းစစ်လေ့လာ၍ ကလေးများအတွက် သင်ကြားလေ့ကျင့်ပေးနိုင်မည့် နည်းလမ်းများကိုဖော်ထုတ်ခြင်း၊ တိုင်းဒေသကြီး၊ ပြည် နယ်များမှ ရပ်ရွာများအထိ မူကြိုနည်းပညာများ ပျံ့နှံ့ရောက်ရှိနိုင်စေရေးအတွက် မူကြို ဆရာမများ မွေးထုတ်ခြင်း၊ သင်ကြားလေ့ကျင့်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်