Skip to main content

စားနပ်ရိက္ခာလောက်ငဖူလုံ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများအတွက် စိုက်ပျိုးမြေ၊ စိုက်ပျိုးရေများ ဖူလုံအောင်ရှိသည်။ လူသား အရင်းအမြစ်များလည်း အလုံအလောက်ရှိသည်။ စိုက်ပျိုးမြေ ဟက်တာ ၁၃ သန်းကျော်တွင် စပါး၊ ပဲ၊ ပြောင်း၊ ကြံ၊ နှမ်း၊ ဝါ စသည်တို့ကို ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ခဲ့ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက အပိုအလျှံများကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်။

လက်ရှိတွင် နိုင်ငံခြားငွေကြေး တန်ဖိုးမြင့်တက်မှုကြောင့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း၊ ရှားပါးခြင်းများ ဖြစ်ပေါ်နေသော်လည်း ပြည်တွင်းစားရေ ရိက္ခာအတွက်မူ စိုးရိမ်စရာ ကြီးကြီးမားမားမရှိပေ။ ပြင်ပတွင် စားသောက်ကုန် ဈေးနှုန်းများ မြင့်မားလာသော်လည်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို သင့်တင့်သော ဈေးနှုန်းများဖြင့် ပြည်သူများအနေဖြင့် ဝယ်ယူစားသုံးနိုင်ကြ သည်။

လက်ရှိကာလတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် စိုးရိမ်မှုများဖြင့် ပြဿနာဖြေရှင်းရေးကို ကြိုးပမ်းနေကြသည်။ လူဦးရေတိုးတက်လာမှု၊ စားနပ်ရိက္ခာ လိုအပ်ချက် မြင့်တက်လာမှု၊ ဈေးနှုန်းများ ပြောင်းလဲလာမှု၊ စိုက်ပျိုးသီးနှံမျိုးစိတ်များ ရှားပါးလာမှု၊ ပျောက်ကွယ်သွားမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်လာမှု၊ ရေနှင့်စိုက်ပျိုးမြေများ ရှားပါးလာမှု၊ အကြောင်းအမျိုးမျိုးကြောင့် စားနပ်ရိက္ခာ ပြုန်းတီးမှု၊ ဖြုန်းတီးမှု စသည့် အကြောင်းတရားများကိုရှာဖွေပြီး စားနပ်ရိက္ခာပြဿနာ ဖြေရှင်းနိုင်ရေးကို ကြိုးပမ်းအားထုတ်နေကြသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ စားနပ်ရိက္ခာပေါများရေးကို အနာဂတ်ကာလအတွက်ပါ စိုးရိမ်ဖွယ်ရာမရှိဘဲ ကြိုးပမ်းဆောင်ရွက်နိုင်သော်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် စက်သုံးဆီနှင့် ဓာတ်မြေသြဇာ လိုအပ်ချက်များရှိနေသည်။ စက်သုံးဆီနှင့်ဓာတ်မြေသြဇာကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ ကုန်ကျမှုရှိနေသည်။ ဓာတ်မြေသြဇာကို ပြည်တွင်း၌ထုတ်လုပ်နိုင်သော်လည်း ကြီးမားကျယ်ပြန့်သည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေဧကများအတွက် လိုအပ်သော ဓာတ်မြေသြဇာများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရသည်။ နိုင်ငံတော်၏ ဓာတ်မြေသြဇာစက်ရုံများမှ ကုန်ထုတ်လုပ်မှုကို တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ပုဂ္ဂလိကကဏ္ဍကပါ တိုးတက်ဆောင်ရွက်နိုင်လျှင် စိုက်ပျိုးရေးကဏ္ဍအတွက် အဆင်ပြေမည်ဖြစ်သည်။

မကြာမီကကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ပြီး ဆွေးနွေးပြောကြားရာ၌ “ ရိက္ခာထုတ်လုပ်ရန်အတွက် မျိုးကောင်းမျိုးသန့်၊ မြေသြဇာ၊ စိုက်ပျိုးရေ၊ စိုက်ပျိုးနည်းစနစ်များ ပြည့်စုံကောင်းမွန် ရန်လိုအပ်ပြီး အဓိကမှာ အပင်အတွက် မြေသြဇာနှင့် ထွန်ယက်စိုက်ပျိုးရန်အတွက် ဒီဇယ်ဆီလည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိတ်ဆွေနိုင်ငံများက ကူညီဖြည့်တင်း ပေးနိုင်မည်ဆိုပါက စိုက်ပျိုးထုတ်လုပ်မှုအား ယခုထက်နှစ်ဆခန့် တိုးမြှင့်နိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် များစွာ အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲက တိုင်းပြည်စားနပ်ရိက္ခာ ဖူလုံပေါများရေး၊ စိုက်ပျိုးသူတောင်သူများ အဆင်ပြေစေရေး၊ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာထုတ်လုပ်သည့် ပင်မနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိသည်။ ခေတ်အဆက်ဆက်ကပင် ပြည်တွင်း၌ စားနပ်ရိက္ခာ လောက်ငဖူလုံသည့်အပြင် ပိုလျှံသောစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိသည်။ မျက်မှောက်ကာလ၌ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် စားနပ်ရိက္ခာအတွက် စိန်ခေါ်မှုများကြုံတွေ့နေရသည့်ကာလ၌ မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာ လောက်ငဖူလုံအောင် ကြိုးပမ်းဆောင်ရွက်နိုင်သည် သာမက ကမ္ဘာ့နိုင်ငံများ၏ စားနပ်ရိက္ခာလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းနိုင်ရေးပါ ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများကို တိုးတက်ထုတ်လုပ်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မျက်ခြည်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိရာ လက်ရှိကာလတွင် နိုင်ငံတော်အကြီးအကဲ၏ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများမှာ အလားအလာကောင်းများ ရရှိလာပြီဖြစ်၍ အနာဂတ်တွင် စားနပ်ရိက္ခာ ဖူလုံပိုလျှံသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။          ။