Skip to main content

၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၀

၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်းဆိုင်ရာ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ၂၀၀၃ ခုနှစ်မှ စတင်၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် အကြိမ် (၂၀)မြောက်ဖြစ်ကြောင်း။

အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်

ဆေးရုံမရောက်မီ အသက်ကယ်ကုသခြင်း၏ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည့် ရှေးဦးကူညီပြုစုပေးခြင်းဖြင့် လူနာ၏ထိခိုက်ဒဏ်ရာများနှင့် နာကျင်ခံစားရမှုများကို လျော့နည်းသက်သာစေပြီး အသက်ရှင်သန်စေရန် အခွင့်အလမ်းများ ပိုမိုရရှိစေမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်း လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့စဉ် ကူညီဆောင်ရွက်ပေးခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများ၊ အရေးပေါ် လူနာတင်ယာဉ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ အသက်စွန့်၍ ဆောင်ရွက်ပေးလျက်ရှိခြင်း၊ အာဆီယံသဘောတူညီချက်တစ်ခုဖြစ်သည့် လူမှုကရုဏာ အကူအညီများပေးရေး အစီအစဉ်များ၌လည်း ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း၊ လူမှုကရုဏာဆိုင်ရာလုပ်ငန်းများတွင် အရန်အင်အားအဖြစ် ဆက်လက်ပါဝင် ဆောင်ရွက်နိုင်စေလိုကြောင်း။

တစ်ပြိုင်တည်းချီးမြှင့်ပေးမည်

ရှေးဦးပြုစုခြင်းဆိုင်ရာပြိုင်ပွဲ အမျိုးအစား ၁၀ မျိုးကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက် ကျင်းပပေးခဲ့ပြီး ထူးချွန်ဆုပေါင်း ၆၀ ကို ချီးမြှင့်ပေးသွားခြင်းဖြစ်၍ ထူးချွန်ဆုရရှိသူများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တစ်ပြိုင်တည်း ချီးမြှင့်ပေးမည်ကို သိရကြောင်း။

ကြက်ခြေနီမောင်မယ်တို့အနေဖြင့် ရှေးဦးပြုစုခြင်းနည်းစနစ်များကို အများပြည်သူအားလုံး လက်လှမ်းမီ သိရှိသင်ယူနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်း၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များအားလုံး ယခုထက်ပိုမို၍ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ပြောကြားသည်။

ရှင်းလင်းပြောကြား

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနား ကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ Deputy Health Coordinator, Ms. Rose Caroline နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း Programme Coordinator, Ms. Marie Jean Manrigue တို့က အမှာစကားပြောကြားကာ ရှေးဦးပြုစုခြင်းဆိုင်ရာ လှုပ်ရှားမှုပုံရိပ် မှတ်တမ်းဗီဒီယိုကို ပြသသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ထူးချွန်ဆုပေးအပ်ခြင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ပြုလုပ်ရာ ဒုတိယဝန်ကြီး၊ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ကြပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။

ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ “ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာ သင်ယူပါ” ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်