နေပြည်တော် စက်တင်ဘာ ၅
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် နှစ်စီးပေါ်၌ သွင်းကုန် ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော စားသုံးဆီနှင့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၅၂၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၈၀၀၀၀၀၀) နှင့် နောက်တွဲယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၉၅၅၂၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် စက်တင်ဘာ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းမြို့နယ်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကမ်းနားလမ်း တစ်လျှောက်ရှိ တံတားများ၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် တော်ဝင်လမ်း တော်ဝင်တံတား အနီးတွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ငါးဖမ်းပိုက်နှင့် ငါးဖမ်းကြိုး ခွေများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၄၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ စက်တင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသုံးဆီများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၀၀၀၀) နှင့် အဆိုပါ စားသုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၉၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်နှင့် သာယာဝတီခရိုင် မင်းလှမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ ၅ ဒသမ ၃၂၉၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၁၄၄၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၀၉၀၄၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်