နေပြည်တော် စက်တင်ဘာ ၅
စားသုံးသူ ပြည်သူများ သက်သာသော စျေးနှုန်းဖြင့် လတ်ဆတ်သော သားငါးများ စားသုံးနိုင် စေရေးအတွက် မွေးမြူ ထုတ်လုပ်သူများ အနေဖြင့် စားသုံးသူထံ တိုက်ရိုက် ရောင်းချနိုင်စေရန် စီမံ ဆောင်ရွက်လျက် ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ယနေ့ ကျင်းပသည့် မွေးမြူရေးထုတ်ကုန် ပစ္စည်းများကို အခွန်လွတ်စျေးများတွင် လွတ်လပ်စွာ ရောင်းချခွင့်နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
ယင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ကုန်သွယ်မှု အဆင့်ဆင့်၏ စရိတ် သက်သာစွာဖြင့် လတ်ဆတ် အာဟာရပြည့်ဝစွာ စားသုံးသူ လက်ဝယ်ရောက်ရှိရေး ရည်ရွယ်ပါကြောင်း၊ သားငါး အခွန်လွတ်စျေးများ ဖော်ဆောင်နိုင်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကုန်ဈေးနှုန်း တည်ငြိမ် မှန်ကန်ရေး၊ သားငါး ထုတ်လုပ်သူများ မျှတသော အကျိုးအမြတ် ရရှိပြီး လတ်ဆတ်သော စားသောက်ကုန်များ စားသုံးသူလက်ဝယ်သို့ တိုက်ရိုက် ရောက်ရှိရေး၊ အခွန်လွတ်စျေးများတွင် လွတ်လပ်စွာ ရောင်းချခွင့် ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မွေးမြူရေး အဖွဲ့ချုပ်များမှ တာဝန် ရှိသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်