နေပြည်တော် စက်တင်ဘာ ၅
ပြည်ကြီးတံခွန် စက်မှုဇုန်(၁)ရှိ ပုဂ္ဂလိက ဝါကြိတ် စက်ရုံများတွင် ဝါစေ့ဆီ ထုတ်လုပ်နေမှုနှင့် ဝါဂွမ်း ဘေထုပ် ထုတ်လုပ်နေမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှု အားပေးရာ လုပ်ငန်းရှင်များက ပြည်ကြီး တံခွန် စက်မှုဇုန်(၁)အတွင်းရှိ ဝါကြိတ်စက် ၁၆၉ လုံး၊ ဝါစေ့ဆီ ဆုံ ၂၄ လုံး၏ ကုန်ကြမ်းရရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ဝါစေ့ဆီ ကြမ်း ထုတ်လုပ်နိုင်မှုနှင့် ဝါစေ့ ကြိတ်ဖတ်များကို မွေးမြူရေး တိရစ္ဆာန်အစာအဖြစ် ရောင်းချနိုင်မှုများကို လည်းကောင်း လုပ်ငန်း လိုအပ်ချက်များကို လည်းကောင်း တင်ပြကြသည်။
ကူညီဆောင်ရွက်ပေးလျက်ရှိ
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါသီးနှံ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၊ ဝါသီးနှံနှင့် နှီးနွှယ် ပတ်သက်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အစုအဖွဲ့များ စုဖွဲ့ပြီး အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံက လိုချင်သည့် ဝါဂွမ်း အရည်အသွေးကို တောင်သူအား စိုက်ပျိုးစေပြီး တောင်သူ လိုအပ်မည့် မျိုးနှင့် သွင်းအားစုကို ထောက်ပံ့ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်း နိုင်ကြမည် ဖြစ်ကြောင်း၊ ဝါစေ့ဆီ အပါအဝင် နေကြာဆီ၊ စားအုံးဆီ စသဖြင့် ဆီကြမ်းများကို သန့်စင်ပြီး အချိုးအစား တိကျသည့် ရောနှော ဟင်းသီးဟင်းရွက်ဆီကို စားသုံးသူများလို အပ်ချက်နှင့်အညီ အညွှန်းစာ အပြည့်အစုံဖြင့် ထုတ်လုပ်နိုင်ပါက ဈေးကွက်အတွင်း ထုတ်လုပ်သူရော သုံးစွဲသူပါ အကျိုးရှိနိုင်ကြမည် ဖြစ်၍ ဆီသန့်စက်ရုံ လုပ်ငန်း ရင်းနှီးမြှုပ်နှံလိုပါက တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန် မိမိတို့ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း ဆွေးနွေး ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ် ရေကြည်ပေါက်ရွာရှိ ပုဂ္ဂလိက စက်ရက်ကန်းရုံတွင် ၂/၄၀၊ ၂/၈၀ နှင့် ၂/၁၀၀ ချည်ထည် အမျိုးမျိုးကို ဈေးကွက် လိုအပ်ချက်အရ ထုတ်လုပ်နေမှု၊ ကုန်ချော ထုတ်လုပ်ရန် ပြည်တွင်း ပြည်ပမှ ဝါနှင့် ပိုးချည်များ ဝယ်ယူ အသုံးပြုမှုကို ဆွေးနွေးကြပြီး ချည်ထည် ရက်လုပ်နေမှုနှင့် ချည်ခင်ဆေးဆိုး လုပ်ငန်းများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်