Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၏ (၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၏ (၅၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ခေတ်အဆက်ဆက် နိုင်ငံတစ်ဝန်း ခရီးသည်နှင့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးခြင်းလုပ်ငန်းနှင့် စီမံကိန်းကြီးများအတွက် လိုအပ်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် ဖြစ်လာစေရန် အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ စီးပွားရေးတွက်ခြေကိုက်မှုရှိရေး၊ ထိရောက်စွာ ကြီးကြပ်ရေး၊ ဥပဒေ နည်းဥပဒေ ပြဋ္ဌာန်းရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ရှိမှုတို့သည် အဓိကလိုအပ်ချက်များဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့သည့် နှစ်ကာလများတွင် ကြုံတွေ့ရသည့် အားနည်းချက်များကို ပြုပြင်၍ အားသာချက်များကို သုံးသပ်ဆင်ခြင်ပြီး “ပို့ဆောင် ဆက်သွယ် ပြည်ကျိုးရွယ်” ဆောင်ပုဒ်နှင့်အညီ ဌာနအကျိုး၊ နိုင်ငံအကျိုးအတွက် ကျရာတာဝန်ကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအားလုံးကိုလည်း အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဌာန၏ သမိုင်းအစဉ်အလာနှင့် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းများတွင် ပထမဆုရရှိသူ ထူးချွန်ဝန်ထမ်း (၅)ဦးနှင့် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ (၄) ဦးတို့ကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဆုချီးမြှင့်ကာ ဆုရရှိသည့် ဝန်ထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်