Skip to main content

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝရရှိရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၃၁

ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်တွင်း အခွန်များဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံရရှိသည့် အခွန်အကောက် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန်ဦးစီးမှူးများအနေဖြင့် သင်တန်းမှ ဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်ပြီး အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာအမှန်ဖြင့် အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရန်လိုကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို အဆင့်မီအခွန်ဌာနတစ်ရပ် ဖြစ်လာစေရေးအတွက် အဓိကဦးတည်အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝရရှိရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင် လက်မှတ်များ ပေးအပ်သည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ယခုဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဆက်စပ်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာ သတင်းအချက်ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြု အခွန်ကောက်ခံသည့်စနစ်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်