Skip to main content

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဇီဝနည်းပညာ ထိရောက်စွာအသုံးပြုဆောင်ရွက်ရန် လိုအပ်ချက်များဆွေးနွေး

နေပြည်တော် သြဂုတ် ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) ၏ မျိုးသန့်နွားနှင့် သိုးငယ်များ ပြုစုပျိုးထောင်ခြင်း၊ မျိုးရည်ခဲချောင်း ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုက်ထရိုဂျင် ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နွားမေထုန်မဲ့ သားစပ်ကျွမ်းကျင်သူ သင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။

အလားတူ ပေါင်းငူပျား လုပ်ငန်းဌာန၏ မွေးမြူရေး ပျားရည်ဖြစ်ကြောင်း ထောက်ခံ ချက်ပေးခြင်း၊ အမျိုးသား ဓာတ်ကြွင်းအဆင့် စောင့်ကြည့်ရေး အစီအစဉ် (NRMP) အတွက် နမူနာပျားရည်များ ကောက်ယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ရန်ပေးပို့ခြင်း၊ မျိုးကောင်းမျိုးသန့် ပျားဘုရင်မများ သဘာဝနည်းဖြင့် မွေးမြူခြင်းနှင့် မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အပင်ဇီဝနည်းပညာဗဟိုဌာန၏ အခြေခံဇီဝနည်းပညာ အသုံးပြု၍ အပင်တစ်သျှူးမွေးမြူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ သီးနှံ၏ မျိုးဗီဇကို DNA နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း၊ သီးနှံမျိုးများ အဆင့်မြှင့်တင်ခြင်းနှင့် မျိုးသစ်ထုတ်လုပ်ခြင်း၊ ခေတ်မီဇီဝနည်းပညာအသုံးပြုခြင်း၊ ပညာရှင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း စသည့်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 အပင်ဇီဝ နည်းပညာဗဟိုဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝနည်းပညာ (Biotechnology) ထိရောက်စွာ အသုံးပြုဆောင်ရွက်ရန်နှင့် အပင်ဇီဝနည်းပညာဗဟိုဌာနကို အမျိုးသားအဆင့်အပင်ဇီဝ နည်းပညာဌာနအဖြစ် တက်လှမ်းနိုင်ရေး အားထုတ်ကြိုးပမ်းကြရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် နို့စားနွား မွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံသို့ရောက်ရှိကြပြီး တိရစ္ဆာန် အစာပင်အမျိုးမျိုး စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်