နေပြည်တော် သြဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နှစ်ရှည်အရိပ်ရ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပြီး ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၁၂၉ ပင်၊ အရိပ်ရ လေကာပင်များဖြစ်သည့် မဟော်ဂနီပင် ၈၆ ပင်နှင့် ပိတောက်ပင် ၈၆ ပင် စုစုပေါင်း ၃၀၁ ပင်ကို ပါဝင်စိုက်ပျိုးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယအကြိမ်က စိုက်ပျိုးခဲ့သည့် ကျွန်းပင် ၅၂၅ ပင် ရှင်သန်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများအနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း ပထမအကြိမ်နှင့် ဒုတိယအကြိမ်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် ၁၂၂၀၇ ပင် စိုက်ပျိုးခဲ့ပြီး ယခုတတိယအကြိမ်တွင် ရတနာတန်းဝင် ကျွန်းပင် ၈၂၉ ပင်နှင့် အရိပ်ရလေကာပင် ၁၁၆၇ ပင်၊ နှစ်ရှည်သီးနှံပင် ၃၀၇ ပင်၊ စုစုပေါင်း ၂၃၀၃ ပင်တို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်းနှင့် ရှင်သန် အောင်မြင်ဖြစ်ထွန်းရေးအတွက် ပြုစုထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်