Skip to main content

ရေသယံဇာတကို ထိရောက်စွာအသုံးချ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအများစုမှာ ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောပြီး စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်ပေါ်လာစေရန် အဓိကကျသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်နှင့် မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

လယ်ယာစီးပွားကို အခြေခံသည့်နိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်တို့ကိုအခြေခံ၍ လယ်ယာစီးပွားကိုမြှင့်တင်နိုင်သည်။ မြန်မာနိုင်ငံ၏အလယ်ပိုင်း၌ မြောက်မှတောင်သို့ စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီး လေးစင်းတွင် မြစ်လက်တက်များစွာရှိပြီး နှစ်စဉ် ရေဧကပေ သန်းပေါင်း ၈၇၆ သန်းခန့်ပင်လယ်ထဲသို့စီးဝင်လျက်ရှိသည်။ အဆိုပါ မြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ တို့ကို တည်ဆောက်ထားပြီး နှစ်စဉ်ပင်လယ်ထဲသို့ စီးဆင်းလျက်ရှိသည့် ရေထုပမာဏ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို ပြည်သူအကျိုးပြု စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။

တစ်နိုင်ငံလုံးတွင် သီးနှံမျိုးစုံစိုက်ဧက ၃၃ ဒသမ ၂ သန်းခန့်ရှိပြီး မိုးကောင်း ရေသောက်၊ ဆည်ရေသောက်၊ မြစ်ရေတင်စိုက်ပျိုးမြေများမှာ ၂၅ ဒသမ ၅၁၇ သန်းခန့်ရှိသည်။ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက သုံးသန်းခန့်ရှိသည်။ အဆိုပါ စိုက်ပျိုးမြေများထဲတွင် ရေသွင်းစိုက်ဧရိယာဧက ၆ ဒသမ ၇၁ သန်းရှိသည့်အတွက် သီးနှံမျိုးစုံစိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ ရာခိုင်နှုန်းကျော်ကို ဆည်ရေပေးဝေလျက်ရှိသည်။ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေရေးလုပ်ငန်းသည် လွန်စွာအရေးပါသည့်အတွက် အစိုးရကဆည်မြောင်းစီမံကိန်းများကို အလေးထားရင်းနှီးမြှုပ်နှံပေးလျက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊ ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေထုတ်ယူသုံးစွဲသည့်လုပ်ငန်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးလုပ်ငန်းများ၊ မြေအောက်ရေထိန်း ရေလှောင်တမံလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအနှံ့ကိုလေ့လာမည်ဆိုပါက ဒေသတိုင်းတွင်စိုက်ပျိုးရေးလုပ်ငန်းများအား မြှင့်တင်ပေးနိုင်ရန်အတွက် ဆည်မြောင်းတာတမံရေပေးဝေရေးလုပ်ငန်းများ တည်ဆောက်ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။            

“ဆောင်ရွက်ပေးခဲ့သည့် ဆည်ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင်အသုံးချပြီး မိမိတို့၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်ပြောင်းလဲ လာအောင် ရှေးရှုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာနှင့်အဝှမ်း ရေသယံဇာတများဆုတ်ယုတ်ခြင်း၊ ရှားပါးခြင်းများ ဖြစ်ပေါ်ခံစားနေကြရကြောင်း၊ ထို့ကြောင့် လူနှင့်သစ်ပင်၊ တိရစ္ဆာန်များအတွက်မရှိမဖြစ်ဖြစ်သည့် ရေသယံဇာတများကို အကျိုးမဲ့ အလဟဿမဆုံးရှုံးစေရန်နှင့်အနာဂတ်တွင် ရေရှည်သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာခြင်း၊ ထိရောက်အကျိုးရှိစွာ သုံးစွဲခြင်းများကို မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သြဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်သည့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မြေသယံဇာတ၊ ရေသယံဇာတ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်မှာ အမှန်တကယ်ဖြစ်သည်။ သို့သော် ရေသယံဇာတ၊ မြေသယံဇာတများကို ထိရောက်စွာအသုံးချနိုင်မှုတွင် လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ပေါများလှသည့် ရေသယံဇာတလေလွင့်မှုများလည်း ရှိနေသည်ကိုတွေ့ရသည်။ မိုးရာသီကာလတွင်သဘာဝရေများ အလဟဿဆုံးရှုံးမှုများရှိနေပြီး နွေရာသီရေခန်းခြောက်ချိန်၊ ရေရှားပါးချိန်တွင် ရေသိုလှောင်ထားမှု၊ ရေကုန်သက်သာစေရန်နှင့်ရေအလေအလွင့် မရှိစေရန်အတွက် နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်များကို တီထွင်ကြံဆ အသုံးပြုနိုင်ရေး လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ တန်ဖိုးရှိသောရေကိုလေလွင့်မှုမရှိဘဲထိရောက်စွာအသုံးချနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   ။

ကြေးမုံ,အယ်ဒီတာ့အာဘော်