Skip to main content

အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ၏ ကျေးဇူးတင်စကား

အားလုံးမင်္ဂလာပါခင်ဗျာ၊ မင်္ဂလာဆိုတာ မကောင်းမှုအမြုံ့ကို ပယ်ဖြတ်တတ်သော အရာရှိပြီး ပါဠိအဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ ဒါကြောင့် မကောင်းမှုမှန်သမျှပယ်ရှောင်ပြီးတော့ ကောင်းမှုကို ဆောင်တဲ့မင်္ဂလာနဲ့ အားလုံးပြည်စုံကြပါစေ။ ဒုတိယအကြိမ် မင်္ဂလာပါလို့ ထပ်ပြောပါရစေ။ အဲဒါကတော့ ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရဲ့ သက်တမ်း(၇၅)နှစ်ပြည့်တဲ့ စိန်ရတုပွဲ မင်္ဂလာကြီးကျင်းပတဲ့အချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် စာပေဗိမာန်ကိုလည်း မင်္ဂလာပါလို့ ကျွန်တော်ထပ်နှုတ်ဆက်ပါရစေ၊ တတိယမြောက်လည်း မင်္ဂလာစကားထပ်နှုတ်ဆက်ပါရစေ။ ကျွန်တော်တို့ စာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်ကလည်း အဘက်ဘက်ကကြည့်ပါတယ်။ စာပေဆုတွေပေးတယ်။ စာပေအဖွဲ့အစည်းတွေကို ရန်ပုံငွေတွေ ထောက်ပံ့တယ်။ ဒီကနေ့လည်း စာပေရန်ပုံငွေဆိုပြီး တပ်မတော် ကြည်း၊ ရေ၊ လေ၊ မိသားစုများက သိန်း ၂ထောင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ၇၅သိန်း၊ သိန်း ၂၂၁၅ သိန်း ဒီနေ့စာပေရန်ပုံငွေရရှိတာဆိုတော့ အလွန်မင်္ဂလာရှိပါတယ်။ ကျွန်တော်တို့ မြန်မာစာပေဟာ ပြောလောက်ပါတယ်၊ ပြောစမှတ်ပြုလောက်ပါတယ်၊ ရှေးခေတ်က ရဟန်းရှင်လူ စာပေပညာရှင်၊ စာဆိုတော်ကြီးတွေဟာ အလွန်ဂန္ထဝင်မြောက်တဲ့စာတွေ၊ စာကဗျာထွေ ရေးသွားပါတယ်၊ စာမှာ ဂုဏ်(၁၀)ပါးနဲ့ ပြည့်အောင် ရေးတဲ့အရေးအသား ဒေါသတွေနဲ့ကင်းလွတ်တဲ့ အရေးအသား စိတ်ခံစားမှုကို အရသာကိုပေးတဲ့ ရသကိုးပါး တစ်ခါ တင်စားမှုတွေနဲ့ ဝင်္ကဝုတ္တိအလင်္ကာ စာတွေကို တန်ဆာဆင်တဲ့ တန်ဆာဆင်နည်း ၃၅ မျိုးနဲ့ ပြောင်မြောက်အောင် ရေးသွားတဲ့ စာပေပညာရှင်ကြီးတွေ ဖြစ်ပါတယ်။

သူတို့အမွေ ကျွန်တော်တို့က ဆက်ခံလာ ကျွန်တော်တို့ နှောင်းခေတ် စာပေသမားတွေကလည်း လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဆရာ့ဆရာကြီးတွေ စီနီယာကြီးတွေ ရေးခဲ့ကြပါတယ်။ ကျွန်တော်တို့နှင့် အပြိုင်လည်း၊ ခေတ်ပြိုင်ရွယ်တွေလည်း ရေးပါတယ်။ ဒီနေ့အထိနေကြတုန်းပါဘဲ၊ စာရေးဆရာ အများစုဟာ ပြည်သူနဲ့ပြည်သူ့အကျိုးနဲ့ တစ်ထပ်တည်းကျနေတဲ့ စာရေးနေပါတယ်။ ကျွန်တော်တို့တတွေ့ ပြတ်ကျ၊ ငတ်ကျတဲ့ကြားထဲက ရေးတာပဲ။ ဟိုတုန်းက ကျွန်တော်တို့ ကဗျာစရေးတဲ့ ၁၉၄၈၊ ၁၉၄၉၊ ၁၉၅၀ က မဂ္ဂဇင်းတစ်ချို့က ကျွန်တော်တို့ ကဗျာပါလို့ ပိုက်ဆံမပြောနဲ့ မဂ္ဂဇင်းတောင် မပေးနိုင်ပါဘူး၊ အဲတော့ လဆန်းရင် ကိုတင်အောင်-မစန်းစာအုပ်ဆိုင်၊ ဦးဘရီနှင့်သမီးများ စာအုပ်ဆိုင်သွားပြီးတော့ မဂ္ဂဇင်းကို နှစ်ကျပ်ပေးဝယ်ပါတယ်၊ အဲလိုကနေ ရေးလာခဲ့ကြတယ်။ အဲတော့ ကျွန်တော်တို့ စာရေးဆရာတွေဟာ နိုင်ငံတာဝန်၊ ပြည်သူတာဝန်ကို လွတ်လပ်ရေးရအောင် ကြိုးပမ်းတဲ့ လွတ်လပ်ရေးပြီးသကာလ လွတ်လပ်ရေးစောင့်ရှောက်ဖို့ ထိန်းသိမ်းရေးသားကြရတယ်။ အများစုကြီးက ဒီတာဝန်ကို ထမ်းဆောင်ရပါတယ်။ အဲဒီထမ်းဆောင်ရတဲ့ စာရေးဆရာတွေက ကျွန်တော်တို့ ၁၉၆၁ က စာဆိုတော်နေ့ အထိမ်းအမှတ် ဗိုလ်တထောင်ဘုရာလမ်းက ရာမကသျှစ်ရနားမှာ ပြဇာတ်သုံးပုဒ် ကပါတယ်။ ဇာတ်လမ်းအတိုလေး ရန်ကုန်အဆွေကတော့ ထုံးစံအတိုင်း နိုင်ငံရေး သရော်တဲ့ခနဲ့တဲ့ သူကြီးတစ်ယောက်အကြောင်း ပြဇာတ်၊ စိန်ခင်မောင်ရီကတော့ ရန်ကုန် လူနေမှုဘဝတွေကို ကျဉ်းကျပ်တာ။ စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးလာတဲ့လူတွေက ရန်ကုန်မှာ ကျူးကျော်တဲတွေ စောင့်နေလိုက်တာ ကပ္ပလီ ကွက်သစ်၊ တာမှုန်ချိုင့်၊ ဖိုးသာအောင်ကုန်း လွတ်လပ်ရေးကွက်သစ်၊ ဆင်နင်းကွက်သစ်တို့ ကွက်သစ်ပေါင်း ၃၀၊ ၄၀ ဖြစ်လာကြတယ်။ ဒီလောက် ဖြစ်လာရတဲ့အထဲ စာရေးဆရာတွေလည်း အဲသည့်ခေတ်က တော်တော် ဆင်းရဲကြပါတယ်။

ကျွန်တော်တို့နဲ့ ခေတ်ပြိုင်ကဗျာရေးခဲ့ကြတဲ့ သိန်းသန်းထွန်းတို့ မောင်ယဉ်နွယ်တို့ မောင်နေမျိုးတို့ ကျွန်တော်တို့ပေါ့။ ကြည်ညိုတို့ တင်ညိုတို့ မြင့်ဩတို့ဆိုတာ ပန်းဆိုးတန်းတစ်ဝိုက် ရုံးတွေမှာ စာရေးဝင်လုပ်ပြီးတော့ အဲဒါနဲ့ ထမင်းစားပြီးတော့ စာကိုအလကား ရေးခဲ့ကြတယ်၊ ကဗျာကို အလကားရေးခဲ့ကြတယ်၊ အဲလိုကနေ ဖြစ်သည့်တိုင်အောင် ကျွန်တော်တို့က စာပေနဲ့နိုင်ငံအကျိုးပြုရဆိုတဲ့ ဘောင်ကမလွတ်ခဲ့ပါဘူး၊ ပြဇာတ် ၃မျိုးထဲမှာ စာရေးဆရာ အောင်လင်းရဲ့ မောင်ဒေါနပြဇာတ်၊ မောင်ဒေါနအဖြစ် စာရေးဆရာကြီး ဦးမင်းအောင်၊ ဆရာမင်းအောင်ဆိုတာ စာပေဗိမာန်က ပထမဆုံး ဆုချီးမြှင့်တဲ့စာပေဗိမာန် တစ်ထောင်ဆုမှာ မိုးအောင်မြေပြင် ဝတ္ထုနဲ့ရခဲ့တာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးဟာ ပြောတဲ့ဟောတဲ့နေရာမှာ ရုပ်ရှင်မှာသရုပ်ဆောင်ခိုင်းမှာလား၊ စာဆိုတော်နေ့ ပြဇာတ်တွေမှာ သရုပ်ဆောင်ခိုင်းမှာလား အလွန်ပီပြင်တယ်။ သူက စာရေးဆရာမောင်ဒေါန စာရေးဆရာကတော်အဖြစ်က လူငယ်စာရေးဆရာမ တောကမိသန်း အဲဒီမှာ ထမင်းစားတဲ့ စားပွဲဝိုင်း အပုလေးနဲ့ ဆရာမင်းအောင်က မောင်ဒေါန စာရေးလိုက် ရေနွေးကြမ်းသောက်လိုက် မော့ပြီးစဉ်းစားလိုက် ဈာန်ဝင်လိုက်ရေးလိုက်နဲ့ လုပ်နေတဲ့အချိန်မှာ စာရေးဆရာကတော်က ထွက်လာပြီးတော့ ဈေးသွားတယ် ပိုက်ဆံပေးဆိုပြီးတောင်းတော့ စာရေးဆရာ မျက်လုံးကြီးပြူးပြီးကြည့်ပြီးတော့ ဟ ငါပိုက်ဆံဘယ်ရှိပါမလဲ အခုမှ စာမှုကရေးတုန်း ရေးပြီးမှ မဂ္ဂဇင်းသွားပို့ရမှာ မဂ္ဂဇင်းက အဆင်ပြေရင်တော့ ကြိုထုတ်ပေးမယ်။ အဆင်မပြေရင် စာအုပ်ထွက်မှရမယ် ဈေးလည်းသွားမနေနဲ့ ထမင်းလေးသာချက်ခဲ့ ငါတို့စာရေးဆရာတွေက ထမင်းကြမ်း၊ ယပ်ခတ်စားလည်း မရှိလည်း ဆားနဲ့စားတတ်တယ်။ ဆားရှိရင်ရပြီ၊ ထမင်းသာချက်တော့ဆိုတော့ စာရေးဆရာကတော် က ပြောတယ် ဘယ်မှာ ဆန်ရှိလို့လဲ ဆန်အိုးထဲမှာ ရှိတာပေါ့ ဆန်အိုးထဲ ရှင်သွားကြည့်လိုက် ဆန်မရှိဘူး ၊ ကြွက်ချေးတွေပဲ ရှိတယ် ပရိသတ်က ရယ်မောပြီးတော့ ကရုဏာသက်သွားတယ် ရှေ့ဆုံးခန်းက ထိုင်ကြည့်တဲ့ စာရေးဆရာလည်းဖြစ် ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နုက တော်တော်ကို ခံစားသွားပြီး စိတ်မကောင်းစွာနဲ့ ဘေးကဆရာကြီးတွေ သိန်းဖေမြင့်၊ ဆရာဇဝနတို့ ဆရာဇေယျတို့ ဒီနေ့ စာရေးဆရာတွေ ဒီလောက်တောင်ဖြစ်နေပြီလား ဟုတ်တယ် အဲလောက်တောင်ဖြစ်နေပြီ ကိုင်ဆိုပြီး တတ်နိုင်သလောက် ပိုက်ဆံလှူပါတယ်။ အဲဒီခေတ်က ငွေတစ်ထောင် လှူတယ်။ အဲဒီခေတ်က ရွှေ(၃)(၄)ကျပ်သားလောက် ရှိပါတယ်၊ ကျွန်တော်တို့ အဲလို လူဘဝရောက်သည့်တိုင် ကျွန်တော်တို့က စာရေးလုပ်ပြီးတော့ စာရေးလခနဲ့ ထမင်းစားပြီးရေးလာခဲ့ကြတာ တိုင်းပြည်ပေါ်မှာ သစ္စာမရွေ့တဲ့ ဒီလိုလူတွေအများကြီးရှိပါတယ်၊ ဒီနေ့စာရေးဆရာတွေလည်း တိုးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကို အခုတပ်မတော်မိသားစုက လှူတယ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်က လှူပါတယ်၊ ကျွန်တော်တို့တတွေ တိုင်းပြည်အတွက် ပိုပြီးတိုင်းကျိုးပြည်ဆောင် ကလောင်ကောင်းတွေအဖြစ်နဲ့ တက်တက်ကြွကြွ ပိုအားရှိလာအောင် အားပေးတာ ကျွန်တော်တို ခံယူပါတယ်၊ ဒါကြောင့်မို့လို့လည်း ဒါမင်္ဂလာ တစ်ပါးဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့လည်း ကိုယ်နိုင်ငံရဲ့တန်ဖိုး မြတ်နိုးပါတယ်။ ဒီနိုင်ငံရဲ့ ရေမြေပေါလိုက်တာ၊ မြေအောက်သယံဇာတတွေ၊ ရေအောက် သယံဇာတတွေ ပေါများလိုက်တာ ရွှေ၊ ငွေ၊ ကြေး၊ ပတ္တမြားကအစ အလွန်ပေါများတယ်၊ ပတ္တမြားဆိုတာ အခြားနိုင်ငံမှာထွက်သော်လည်း မိုးကုတ်ပတ္တမြားကို ဘယ်သူမှ မမှီပါဘူး၊ ပတ္တမြားဆန်ကျိုး အဖိုးပြည်တန်ဆိုတဲ့စကားအတိုင်း ဆန်စိ အစလောက်ပဲရှိတဲ့ ပတ္တမြား အရည်အသွေးကောင်းရင် တိုင်းပြည်တစ်ပြည်တန်တယ်ဆိုပါတယ်၊ ဒါကြောင့် ဒီလိုရတနာတွေ ပေါပါရက်နဲ့ ကျွန်တော်တို့ တိုင်းပြည်ဒီနေ့ မချမ်းသာသေးဘူး၊ မတိုးတက်သေးဘူး၊ အာရှမှာ စီးပွားတိုးတက်တဲ့ ဟောင်ကောင်၊ ကိုရီယား၊ ထိုင်ဝမ်၊ စင်္ကာပူတို့ အာရှတိုက်က ကျား၄ကောင် လို့ သုံးနှုန်းပါတယ်၊ ကျွန်တော်တို့ မြန်မာတွေသာ ညီညီညွတ်ညွတ်နဲ့ လွတ်လပ်ရေးရပြီးကတဲ့က ကြိုးစားခဲ့ကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ ဒီနေ့ အာရှမှာ သူတို့လို လေးတောင်ကျားမဟုတ်ဘူး၊ ကိုးတောင်ကျားဖြစ်မယ်၊ အစောဆုံးနိုင်ငံလည်း ဖြစ်ပါမယ်။ ဒီလောက်သယံဇာတတွေ ပေါကြွယ်ဝပါလျက်နဲ့ ကျွန်တော်တို့ မတိုးတက်ဘူး၊ ကျွန်တော်တို့ စာပေသမားတွက်လည်း ဒီထက်ပိုပြီးရေးကြရမယ်၊ ဒီထက်ငြိမ်းချမ်းပြီး တိုးတက်ညီညွတ်ပြီးတော့ ကိုယ်တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် လူတွေဟာ ချမ်းသာလာရင် ဘုရားကို ရွှေချရုံမက၊ စိန်စီမဲ့လူတွေဖြစ်လာမယ်၊ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်၊ ငြိမ်းချမ်းအောင် ကျွန်တော်တို့ စာပေသမားတွေကလည်း ယခုအားရှိစွာနဲ့ပဲ ဆက်လက်ပြီးတော့ တိုင်းကျိုးပြည်ဆောင် ကလောင်ကောင်းတွေဖြစ်အောင် ရေးသွားကြပါလို့ တိုက်တွန်းရင်းနဲ့ ကျွန်တော်ရဲ့ ကျေးဇူးတင်စကားလေးကို နိဂုံးချုပ် ဝါကျလေးနဲ့ဘဲ နိဂုံးချုပ်ပါရစေ။ ယခုလို လှူဒါန်းကြတဲ့ စေတနာရှင်အားလုံးအပါအဝင် ဒီနေ့ တက်ရောက်လာတဲ့ ဒီနေ့တက်ရောက်လာတဲ့ ပရိသတ်အပါအဝင် ပြည်ထောင်စုသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ရောဂါမျိုးသုံကင်းဝေးစွာ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ။ မိမိတို့ ယုံကြည်ကိုးကွယ်သက်ဝင်ရာ ဘာသာတရားကိုပို၍ မျက်မှောက်ပြုနိုင်ကြပါစေ ဆုတောင်းရင်းနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။