Skip to main content

ဆွေးနွေးညှိနှိုင်းပေါင်းစည်းညီညွတ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနောက်ထပ် အဆင့်တစ်ဆင့်ဆီသို့ တက်လှမ်းခဲ့ပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှု တံခါးကို ဖွင့်ထားဆဲဖြစ်သကဲ့သို့ မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လက်ကမ်းထားဆဲပင်ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိမလာသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသ၏ အကျိုး၊ တိုင်းရင်းသားပြည်သူ လူထု၏အကျိုးနှင့် တိုင်းပြည်၏အကျိုးအတွက်အမြင် ကျယ်ကျယ်ဖြင့်ရှုမြင်ကာ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြမည်ဟု မျှော်လင့်မိသည်။

၂၀၂၂ ခုနှစ် မေလမှ ဩဂုတ်လအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံမှုများတွင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီနိုင်ခဲ့ကြရာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့် ကိုက်ညီသော တူညီသည့်ပန်းတိုင်ကို သတ်မှတ်နိုင်ခဲ့ခြင်းပင်ဖြစ်ပြီး ထိုပန်းတိုင်ဆီသို့ အတူတကွ လျှောက်လှမ်းနိုင်ကြမည့် နည်းလမ်းကို စုပေါင်းဆွေးနွေးညှိနှိုင်းရှာဖွေကြရတော့မည် ဖြစ်သည်။ ဤတွင် ညှိနှိုင်းဆွေးနွေးပွဲတို့၏သဘာဝအရ လိုလားချက်များ၊ တောင်းဆိုချက်များ၊ လုပ်ငန်းစဉ်များကို သံသယကင်းကင်း၊ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းဆွေးနွေး ညှိနှိုင်းကြရင်း လက်တွေ့ကျသော၊ ဖြစ်သင့်ဖြစ်ထိုက်သောရလဒ်များ ထွက်ပေါ်လာစေရေးဟူသော အပေါင်းလက္ခဏာဆောင်သည့် အမြင်များဖြင့်သာ ဦးတည်ကြရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် နိုင်ငံလွတ်လပ်ရေးရပြီးသည့် ၇၅ နှစ်တာကာလဆီသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည့် ကာလတစ်လျှောက်လုံးတွင် လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် နည်းလမ်းများက လိုရင်းအဖြေကို မရရှိစေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်လည်း ကမ္ဘာ့အဆင့်မှာရော၊ ဒေသတွင်းအဆင့်နှင့် အိမ်နီးချင်းအဆင့်တို့မှာပါ နောက်ကျကျန်ခဲ့ရသည့်အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ မငြိမ်းချမ်းခြင်းကြောင့် နိုင်ငံ မဖွံ့ဖြိုး၊နိုင်ငံမဖွံ့ဖြိုးခြင်းကြောင့် နိုင်ငံအတွင်းရှိဒေသ အသီးသီးတို့လည်း မဖွံ့ဖြိုးနိုင်၊ ဒေသခံပြည်သူတို့လည်း လူမှုစီးပွားဘဝများနိမ့်ကျ စသည့်ရလဒ်များ ဆက်လက်ဖြစ်ပေါ်လာသည်။ ၎င်းဆိုးကျိုးတို့၏ ဒဏ်ကိုခံစားကြရသူများမှာ မိမိတို့ တိုင်းရင်းသားပြည်သူလူထု အားလုံးပင်ဖြစ်သည်။

“ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်” ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ရာ နိုင်ငံရေးကိုနိုင်ငံရေး နည်းလမ်းဖြင့် ဂုဏ်သိက္ခာမြင့်မားစွာ အဖြေရှာနိုင်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် တိုင်းရင်းသားပြည်သူလူထုအတွက် စိတ်စေတနာမှန်ပင်ဖြစ်သည်။ ပေါင်းစည်းညီညွတ်ခြင်းသည်သာ ပြည်ထောင်စုကြီး၏အကျိုး၊ တိုင်းရင်းသားပြည်သူ အားလုံးတို့၏ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်မည့် မဟာအင်အားဟု ယုံကြည်ပါကြောင်း။ ။