နေပြည်တော် ဩဂုတ် ၂၁
၂၀၂၂ ခုနှစ် ဝါတွင်းကာလ၌ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်တွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိစက္ခဏထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ နှင့် ဆေးများအား ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူငွေများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ် လှူဒါန်းရာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ သသာနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ ဆွမ်းပဒေသာပင် အလှူငွေ (၁၇၆၅၆၀၀၀) ကျပ်၊ ဆန် (၈၅၅) အိတ် (၂၀)ပြည်၊ ဆီ ( ၃၂၄) ပိဿာ၊ (၅၀) ကျပ်သား၊ ပဲ (၂၂၄၅) ပိဿာ၊ ဆား (၂၂၄၅) ပိဿာ၊ လက်သန့်ဆေးရည်(၉၁၂)ဘူးနှင့် တိုင်းရင်းဆေးမျိုးစုံ (၂၅၀၈) ဘူးတို့ဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် (၆၃၁၀၀၈၀၀) ဖြစ်ကြောင်း သတင်းရရှိသည်။