နေပြည်တော် ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာအနီးရှိ ဓာတ်အားပေးတာဝါ တိုင် ၂ ခု အား ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိသည်။
ဖြစ်စဉ်မှာ မော်လမြိုင်-မြဝတီဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါတိုင်အမှတ်၊ ၁၇၂ နှင့် တာဝါတိုင် အမှတ်၊ ၁၇၃ တို့အား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဩဂုတ် ၂၀ ရက် ည ၁၁ နာရီခန့်တွင် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင်အမှတ်၊ ၁၇၂ တွင် အောက်ခြေတိုင် ၁ တိုင်ပျက်စီးခဲ့ပြီး တာဝါတိုင်အမှတ်၊ ၁၇၃ သည် မြေပြင်တွင် လဲကျပျက်စီးခဲ့ကာ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များတွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးလျက်ရှိသော တာဝါတိုင်များအား ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။