နေပြည်တော် ဩဂုတ် ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့အမှတ် (၁)ရပ်ကွက်ရှိ တည်းခိုခန်းသို့ ဝင်ရောက်ရှာဖွေရာ အခန်းအမှတ်(၁၀၆)၌ တည်းခိုနေထိုင်သည့် အေးအေးမာထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့ ရွှေဘုံသာရပ်ကွက်နေ လှမင်း (ခ) အိုက်မောင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ စတိုခန်းအတွင်းမှ ဘိန်းဖြူသုညဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၁၈၀ တို့ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီ လိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ယန်းခမ်းကျေးရွာနေ အိုက်အေး(ခ) စိုင်းအေး၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၊ အေကေ ၄၇ သေနတ် တစ်လက်၊ ယင်းကျည်အိမ်လေးခု၊ ယင်းကျည်အတောင့် ၈၀၊ ခြောက်လုံးပြူးသေနတ် တစ်လက်၊ လေသေနတ်တစ်လက်၊ တူမီးသေနတ်တစ်လက်၊ ပစ္စတိုကျည် အိမ်တစ်ခု၊ ပွိုင့် ၃၈ ကျည်ငါးတောင့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၊ စိတ်ကြွရူးသွပ်ဆေးအမှုန့်နှစ်ကီလို၊ ပစ္စတိုကျည်အိမ်ခြောက် ခု၊ အေကေ ၄၇ ကျည်အိမ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်