နေပြည်တော် ဩဂုတ် ၁၈
SEACEN High-Level Seminar and Meeting for Deputy Governors (Financial Stability and Supervision)ကို ယမန်နေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ အရှေ့တောင်အာရှနိုင်ငံများမှ ဗဟိုဘဏ်များ၏ ဒုတိယဥက္ကဋ္ဌများ၊ အရာထမ်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဌာနအသီးသီးမှ အရာထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေး
အစည်းအဝေးသည် SEACEN အဖွဲ့ဝင်နိုင်ငံများမှ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့် ကြီးကြပ်စစ်ဆေးခြင်း ဆောင်ရွက်နေသော ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၏ နှစ်စဉ်ကျင်းပလျက်ရှိသော ဆွေးနွေးပွဲဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်အရာထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အမှုဆောင်အရာရှိများတက်ရောက်ကြပြီး ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေး၊ တီထွင်ဆန်းသစ်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ထွန်းသစ်စဈေးကွက်စီးပွားရေးတွင် Sovereign Debt နှင့် ငွေရေးကြေးရေးတည်ငြိမ်မှု၊ Central Bank Digital Currencies (CBDCs)၏ စိန်ခေါ်မှုများနှင့် Caribbean နိုင်ငံများ၏ Digital Currencies အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှ သင်ခန်းစာများ၊ အာဆီယံနိုင်ငံများ၏ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးနှင့်ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများ၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆောင်ရွက်ရာတွင် Cyber တိုက်ခိုက်မှုနှင့် Cyber ခြိမ်းခြောက်မှုများနှင့်စပ်လျဉ်းသော စိန်ခေါ်မှုများ၊ Big Techs၊ Fin Techs များဆိုင်ရာ အကျိုးကျေးဇူးများနှင့် ဆုံးရှုံးနိုင်ခြေများကို ဆွေးနွေးကြသည်။
ယင်းဆွေးနွေးပွဲတွင် နိုင်ငံများသည် Global Macro Trend အရကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုများ မြင့်တက်နေခြင်း၊ ရာသီဥတုပြောင်းလဲနေခြင်း၊ သဘာဝဘေးအန္တရာယ်များ၊ Cyber တိုက်ခိုက်မှုများ၊ Geopolitics အခြေအနေများကြောင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် မူဝါဒချမှတ်သူများသည် နိုင်ငံပိုင်ဘဏ်များအတွက် ထိရောက်သောစည်းမျဉ်းစည်းကမ်းများ၊ ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ရန်၊ Multiple Channelsများကို ထည့်သွင်းစဉ်းစား၍ ဘဏ်များ အား Stress Testing Exercises များဆောင်ရွက်ရန်၊ အားကောင်းခိုင်မာသော ဘဏ်လုပ်ငန်းအကျပ်အတည်း စီမံခန့်ခွဲမှုမူဘောင်များ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Monetary Policy နှင့် Fiscal Policy များ အပြန်အလှန်ချိတ်ဆက်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်းကိစ္စများကို အတွေ့အကြုံများဖလှယ်၍ ဆွေးနွေးကြသည်။
SEACEN High-Level Seminar and Meeting for Deputy Governors (Financial Stability and Supervision) ဒုတိယနေ့အစီအစဉ်ကို ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ Crypto Currency ကြောင့် ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများ၊ Crypto Currency ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ငွေရေးကြေးရေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွားနိုင်သည့် အစီအစဉ်များကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲ/ဖောက်ပြန်ခြင်းကြောင့် ငွေရေးကြေးရေးကဏ္ဍတွင် ဆုံးရှုံးနိုင်သည့်အခြေအနေများကို ကာကွယ်ရန်အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်