Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမစတင်မီ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတံတားဖြစ်စဉ်ကို ပြည်သူလူထုထံအသိပေးပြောကြားသွားမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီတံတား ရတနာပုံစစ်ဆေးရေးဂိတ်တွင်အများ ပြည်သူလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုနေရာတွင် ရန်ကုန်- မုံရွာ ပြေးဆွဲနေသည့် အာကာသခရီးသည်တင်ယာဉ်တစ်စီးကို စစ်ဆေးခဲ့ကြောင်း၊ ယင်းအချိန်တွင် ကားပေါ်တွင်ပါလာသည့် PDF အမည်ခံအကြမ်းဖက်သမားသုံးဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားသုံးဦးက ကားပေါ်တွင် ပါလာသည့်ခရီးသည်တချို့ကို ဆက်လက်ပစ်ခတ်ပြီး ခရီးသည်များကိုဓားစာခံလုပ်၍ အကာအကွယ်ယူကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားတံတိုင်းသဖွယ် အကာအကွယ်ယူပြီး ပစ်ခတ်နေသည့် အကြမ်းဖက်သမားများကို တိကျစွာချိန်ရွယ်ပြီး လက်ရဖမ်းဆီးရမိအောင် ပြုလုပ်ခဲ့ကြောင်း။

ဖြစ်စဉ်တွင် PDF အမည်ခံအကြမ်း ဖက်သမား နှစ်ဦးကို အသေဖမ်းဆီးရရှိပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ခရီးသည်အမျိုးသားတစ်ဦး PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ခရီးသည် အမျိုးသမီးတစ်ဦးကို PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းချုပ်ထားပြီး လူသားတံတိုင်းသဖွယ် ရှေ့ကအကာအကွယ်ယူပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းသည် ထိခိုက်ဒဏ်ရာ ပြင်းပြင်း ထန်ထန်မရရှိဘဲ လက်ယာဘက်ခြေသလုံးတွင် ထိမှန်ခဲ့ပြီးစိုးရိမ်ထိတ်လန့် ရှော့ဖြစ်ကာ သေဆုံးခဲ့ကြောင်း၊ ကျန်ခရီးသည် ငါးဦးသည် မစိုးရိမ်ရဒဏ်ရာများရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ခရီးသည်များကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီးယခုအချိန်တွင် ဂရုတစိုက် ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း၊ အရှင်ဖမ်းမိသည့် PDF အမည်ခံအကြမ်းဖက်သမားတစ်ဦးကို စစ်ဆေးမေးမြန်းရာတွင် ကားပေါ်၌နောက်ထပ်သိုဝှက်သယ်ဆောင်လာသည့် ချေမှုန်းရေး ရိုင်ဖယ်အမျိုးအစား သေနတ်အသစ် သုံးလက်နှင့်ခဲယမ်းများကို ထပ်မံဖမ်းဆီးရမိကြောင်း။

ခရီးသည်တင်ယာဉ်များ ဖမ်းဆီး

ပြည်သူလူထုကို လေးလေးနက်နက် အသိပေးလိုသည်မှာ နံပါတ်တစ်အနေဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုအချိန်တွင် ပြည်သူလူထု ခရီးသွားလာနေသည့် ခရီးသည်တင်ကားများကို အကာအကွယ်ယူဓားစာခံလုပ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း၊ ယခုအပတ်ထဲတွင် PDF အမည်ခံအကြမ်းဖက်သမားက Elite ခရီးသည် တင်ကားကို ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သည်ကို မီဒီယာများလည်းအသိဖြစ်ကြောင်း၊ ရန်ကုန်၌လည်း YBS ကားများကို တိုက်ခိုက်လာသည့်ဖြစ်စဉ်များ၊ YBS ကားများပေါ်တွင် မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုများတွေ့ရကြောင်း၊ နံပါတ်နှစ်အနေဖြင့် ပြည်သူလူထုကို လေးလေးနက်နက်မေတ္တာ ရပ်ခံလိုသည်မှာ ခရီးသွားပြည်သူများ၊ ယာဉ်လိုင်းများအနေဖြင့် မသင်္ကာစရာတွေ့ရှိလျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်ပြောလိုကြောင်း၊ နံပါတ်သုံးအနေဖြင့် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများအနေဖြင့် NUG / PDF အမည်ခံအကြမ်းဖက်သမား၏ ခရီးသည်တင်ယာဉ်လိုင်းများကို တိုက်ခိုက်မှု၊ ခရီးသည်များကို ဓားစာခံလုပ်နေမှု၊ လူသားတံတိုင်းသဖွယ်အသုံးချမှုများကို သိရှိရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို အားမပေးရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောမည့် အကြောင်းအရာများမှာ (တစ်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု ၁၈ လတာကာလအခြေအနေများ၊ (နှစ်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ (သုံး) နိုင်ငံတကာဆက်ဆံရေး၊ (လေး) ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်တန်းများ တွဲဖက်ဖွင့်လှစ်မှုအခြေအနေများ၊ (ငါး) အကြမ်းဖက် NUG နှင့် PDF အဖွဲ့ဆိုင်ရာကိစ္စများဖြစ်ကြောင်း၊ (တစ်) မှ (ငါး) အထိမိမိအနေဖြင့် ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အပိုင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍဖြစ်ကြောင်း၊ မေးခွန်းများမေးမြန်းရာတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရမေးခွန်းတစ်ခု စီ မေးမြန်းပေးရန်ဖြစ်ကြောင်း။

ပထမဦးဆုံးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်မှု ၁၈ လတာကာလ အခြေအနေများကို တင်ပြလိုကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ထမ်းဆောင်နေရစဉ်အတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်းပြီး ပြောကြားခဲ့ကြောင်း။

နိုင်ငံရေးပါတီများ စာရင်းစစ်ဆေး

 

ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီးပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် နိုင်ငံရေးပါတီများစစ်ဆေးခြင်း၊ မဲဆန္ဒရှင်များစာရင်းပြုစုခြင်းတို့အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကိုစစ်ဆေးခဲ့ရာ ပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီး စစ်ဆေး ရန်ကျန်ပါတီများကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တင်ပြခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲမဲပေးသူ ၄၈၆၉၄၂၇ ဦး (၄ ဒသမ ၈ သန်းကျော်) ရှိသည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအနက် အကျုံးဝင်သူဦးရေ ၃၄၉၁၃၆၄ ဦး (၃ ဒသမ ၄ သန်းကျော်) အား ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ကို နိုင်ငံအဝန်းဆောင်ရွက်ပေးလျက်ရှိရာ ၁၈ လတာကာလ အတွင်း ၃၃၄၀၁၃၀ (၃ ဒသမ ၃ သန်း) ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ကိစ္စများ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ကို အခြေခံပြုစုထားသည့်စာရင်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်းစီမံချက်အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရန်အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက် (Pilot Project) ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင်လအထိမြို့နယ် ၂၉၈ မြို့နယ်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ မြို့နယ် ၁၄ မြို့နယ်အား ဆောင်ရွက်ဆဲဖြစ်ပြီး မြို့နယ် ၁၃ မြို့နယ်၌ ဆောင်ရွက်ရန် ကျန်ရှိနေသည့်ကိစ္စရပ်များ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်များရှိကြောင်း၊ အကြမ်းဖက်မှုများကြောင့် နယ်မြေအေးချမ်းမှုမရှိသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှဖြစ်ပြီး ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန် တင်ပြခဲ့ကြောင်း။

ရွေးကောက်ပွဲကျင်းပနိုင်ရေး

ဒီမိုကရေစီစနစ်နှင့် ရွေးချယ်ခံရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဆိုသည့် အစိုးရများလက်ထက်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်အတွက် ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးရသည့် တိုင်းရင်းသားဒေသများများပြားလာသည်ကို သတိပြုဖွယ်တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံအနှံ့အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိနေကြောင်းကို တင်ပြခဲ့ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ်တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ တာဝန်များကို အောင်မြင်ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား နောက်ထပ် ၆ လသက်တမ်းတိုး တာဝန် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။

ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများသို့ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ကြောင်း၊ မိန့်ခွန်းတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှု၊ လူမှုရေးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူလတန်းအဆင့်အထိ ပညာမသင်မနေရဟုပြဋ္ဌာန်းထားသော်လည်း အစိုးရအနေနှင့် KG+ 9 အထိသင်ကြား နိုင်ရေးနှင့် အခမဲ့သင်ကြားနိုင်ရန် ဆောင်ရွက်ပေးထားလျက်ရှိသည်ကို ပြောကြားခဲ့ကြောင်း။

အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတွင် နိုင်ငံတော်သာယာဝပြောရန်အတွက် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ထိခိုက်မှုအနည်း ဆုံးနှင့်ချမှတ်ထားသည့် အမျိုးသားရေးလုပ်ငန်းစဉ်များကို စိတ်ရှည်သည်းခံ ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးမှုအရိပ်၊ အေးချမ်းမှုအရိပ်များ မြို့ပြနှင့် ကျေးလက်ဒေသများပါမကျန် လွှမ်းခြုံသွားရန် ဆက်လက်လုပ်ဆောင်နေမှုများ၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်အောင် စီမံဆောင်ရွက်နေမှုနှင့် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန် ဦးစားပေးဆောင်ရွက်နေမှုများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ပြောကြားခဲ့ကြောင်း။

နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် ရွေးကောက်ပွဲသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန် လွတ်လပ်၍တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် အလွန်အရေးကြီးသည့်အတွက် ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းပြုစုဆောင်ရွက်နေမှုများ၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်း၊ မဲဆန္ဒရှင်များပြုစုခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း။

မဲစာရင်းများ မှန်ကန်ရန် အရေးကြီး

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲစာရင်းများ ပြည့်စုံစေရေးနှင့်မဲစာရင်းများ မှန်ကန်ရန်အလွန်အရေးကြီးကြောင်း၊ ထိုသို့ ပြည့်စုံမှန်ကန်မှ မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ပြည့်ဝစွာဖော်ထုတ်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံသားတိုင်း၏ ဒီမိုကရေစီအခွင့်အရေးကို အလေးထားတန်ဖိုးထားရာရောက်မည်ဖြစ်ကြောင်း၊ ယင်းတို့ကိုအချိန်ယူပြီး အသေးစိတ်စိစစ်ဆောင် ရွက်လျက်ရှိကြောင်း၊ အလျဉ်းသင့်၍ ဖြည့်စွက်ပြောကြားလိုသည်မှာ မိမိတို့အစိုးရအနေဖြင့် ယခင်သတင်းစာရှင်းလင်းပွဲများတွင် မီဒီယာတချို့က တင်ပြမေးမြန်းထားသည်များရှိကြောင်း၊ ယင်းသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် နိုင်ငံရေးရာထူး တာဝန်ထမ်းဆောင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင် ပေးနိုင်ရေးရှိ/မရှိဖြစ်ကြောင်း၊ ယမန်နေ့က လက်တွေ့ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ယမန်နေ့က NLD လွှတ်တော်ကိုယ်စားလှယ် ၂၁၇ ဦး အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ခံစားခွင့်ပြုခဲ့ကြောင်း၊ မိမိတို့အစိုးရကို စွပ်စွဲနေသည့် စွပ်စွဲချက်များဖြစ်သည့် NLD ကိုယ်စားလှယ်ဖြစ်၍၊ NLD ပါတီဝင်ဖြစ်၍ လုပ်သည်ဆိုသည့်အချက်အား ယင်းအရာများကို ကြည့်ခြင်းအားဖြင့်သိနိုင်ကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းစွာနေထိုင် လိုသူများနှင့် အကြမ်းဖက်များကို ခွဲခြားဆောင်ရွက်နေသည်မှာ လက်တွေ့ဖြစ်သည်ကို မိမိပြောလိုကြောင်း။

ဆက်လက်ပြီး ဩဂုတ် ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများ ပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး စသည့်အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြောင်း။

စီးပွားရေး ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆန်သည် အဓိကပို့ကုန် ဖြစ်သည့်အတွက် ထုတ်လုပ်မှုကောင်းမွန်အောင် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန် ဖြစ်အောင်ဆောင်ရွက်ကြရန် အစိုးရပိုင်းအနေဖြင့် သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ စိုက်ပျိုးရေများရရှိရေးအတွက် မဖြစ်မနေဆောင်ရွက် ပေးသွားရမည့်ကိစ္စရပ်များ၊ နိုင်ငံအတွင်းတွင် မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက် ဧက ၃ သန်းခန့်ရှိသည့်အတွက် မိုးစပါးတစ်ဧက ပျမ်းမျှ ၇၅ တင်းခန့် ထွက်ရှိနေရာမှ တင်း ၈၀ ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုလျှင် စပါးတင်း ၇၅ သန်းခန့် ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ နွေစပါးကိုလည်း တစ်ဧကပျမ်းမျှတင်း ၈၅ တင်းခန့် ထွက်ရှိနေရာမှ တင်း ၉၀ ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၁၅ သန်းခန့် ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ စပါးတင်းစုစုပေါင်း သန်း ၉၀ ခန့် ပိုလာရေး ရည်မှန်းချက် ပန်းတိုင်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ လက်ရှိ စိုက်ဧကတွင်အဖြစ်နိုင်ဆုံး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်သွားလျှင် စပါးတင်း ၁၅ သန်း၊ ဆန်အနေဖြင့် တန်ချိန် ၁ ဒသမ ၀၈ သန်း ပိုမိုထွက်ရှိမည်ဖြစ်ကြောင်း၊ လက်ရှိ ဆန်ပေါက်ဈေးအရ တန် ၁ သန်းကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ နှင့် တွက်ချက်ကြည့်လျှင် တိုင်းပြည်ဝင်ငွေ အနည်းဆုံး ဒေါ်လာသန်း ၃၅၀ဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းဝင်ငွေနှင့် စိုက်ပျိုးရေးသမားများ လိုအပ်နေသည့် အဓိကသွင်းအားစုများဖြစ်သော ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ စိုက်ပျိုးကိရိယာများကို တင်သွင်းပြီး ပိုမိုအဆင့်မြှင့်နိုင်မည်ဖြစ်ကြောင်း။

ရေနံနှင့် ရေနံထွက် ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသည့်အတွက် လျှော့ချသွားရန်နှင့် ရေနံထုတ်လုပ်မှုလုပ်ငန်းများကို တိုင်းပြည်အတွက် အကျိုးရှိအောင် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုပြီး ပြည်တွင်းတွင် အထိုက်အလျောက် ရေနံထွက်ရှိသည့်အချို့ဒေသများက တွင်းတိမ်ရေနံတူးဖော် ထုတ်လုပ်မှုများ စနစ်တကျဖြစ်ရန် ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း။

လျှပ်စစ်စွမ်းအားဖူလုံရေး

တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့်လုပ်ငန်းများ၊ စီမံကိန်းများဆောင်ရွက်သွားကြရန်လိုအပ်ပြီး လာမည့်နှစ်တွင် ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရန် ရေအား၊ ဆိုလာလျှပ်စစ်စနစ်များနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ကြံဆဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း၊ ယင်းကိစ္စများသည် နိုင်ငံတော်က လုပ်ဆောင်နေသည့် လျှပ်စစ်စီမံကိန်း များနှင့်မတူဘဲ ဒေသအလိုက် လျှပ်စစ်စွမ်းအားဖူလုံရေး လုပ်ဆောင်နိုင်မည့်အခွင့်အရေးဖြစ်သည့်အတွက် လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်းပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ယခုလာမည့် ၆ လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများက ဝန်ကြီးချုပ်များ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယခင်အစိုးရအဆက်ဆက်တွင် ပြုလုပ်ခဲ့ခြင်း မရှိသည်ကိုတွေ့ရကြောင်း၊ သက်ဆိုင်ရာကဏ္ဍတစ်ခုချင်းအလိုက် စီးပွားရေးကော်မရှင်အစည်းအဝေး ကဲ့သို့ပြုလုပ်ခဲ့ခြင်း ရှိလိမ့်မည်ဖြစ်ကြောင်း၊ အားလုံးစုံစုံညီညီပါဝင်သည့် တင်ပြမှု၊ အစည်းအဝေးများကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ ယင်းအစည်းအဝေးသည် ပထမဦးဆုံးအကြိမ် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဒေသအလိုက် အစိုးရများ၏ ဆောင်ရွက်ချက်များကို အသေးစိတ်ပြောဆို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် အစိုးရများအနေဖြင့် ၎င်းတို့ကိုပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြုပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းများကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်ထဲတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးပါဝင်ကြောင်း၊ ယင်းအချက်ကို မိမိတို့ခိုင်ခိုင်မာမာအာမခံထားကြောင်း၊ ယင်းအစည်းအဝေးတွင် မိမိတို့လက်တွေ့ကျကျ လမ်းခင်းပေးခြင်း၊ လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း။

 

ဩဂုတ် ၁၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် အဆိုပါအခမ်းအနားပြုလုပ်ခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေကျပ် ၄၉၁ ဘီလီယံအသင့်ထားရှိကြောင်း၊ ယင်းငွေများကို ဒီအတိုင်းထား၍ ငွေအိပ်နေမည့်အစား ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အထိ ရောက်ဆုံးနှင့် အမြန်ဆုံးမြှင့်တင်နိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း၊ တချို့သော ပြည်ဖျက်မီဒီယာများအနေဖြင့် ငွေကျပ် ၄၀၀ ဘီလီယံကို ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေသည်၊ ငွေကြေးဖောင်းပွအောင်လုပ်ခြင်းဖြစ်သည်ဟု စွပ်စွဲနေခြင်းကို အံ့ဩဖွယ်ရာတွေ့ရှိရကြောင်း၊ ငွေကျပ် ဘီလီယံ ၄၀၀ သည် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယခင်ကတည်းက သီးသန့် ထားရှိခဲ့သည့် ငွေများဖြစ်ကြောင်း၊ ယင်းကို အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပြောလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေးမြှင့်တင်ရေးဟူ၍ နှစ်မျိုးခွဲ မြှင့်တင်ဆောင်ရွက်နိုင်ရန် စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

နိုင်ငံတော်က ရင်းနှီးငွေပေးအပ်

လက်ရှိထုတ်ပေးသည့် ရန်ပုံငွေများသည် နိုင်ငံတော်ကရင်းနှီးငွေပေးအပ်ထားခြင်းဖြစ်ကြောင်း၊ နောင်လာမည့် ရာသီများတွင်ပြန်လည်ရရှိလာမည့် အဆိုပါ ငွေကြေးကိုပင်ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းအထဲတွင် မြစိမ်းရောင်စီမံကိန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လွတ်လွတ်လပ်လပ်အရင်းမပျောက်မတည်ငွေအဖြစ် လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ငွေကျပ် ဘီလီယံ ၄၀၀ အနက် ငွေကျပ်ဘီလီယံ ၃၃၀ ကို နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ရန်ပုံငွေအဖြစ် တိုင်းဒေသကြီး/ ပြည်နယ်သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှဲပြောင်းထားပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်ငွေများကို အခြားလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးတိုင်ပင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက် ရှိသည့်ဒေသများကို သီးခြားအစီအစဉ်ဖြင့် တင်ပြမှုရှိကလည်း နိုင်ငံတော်အကြီးအကဲအနေဖြင့် ထပ်မံစီမံဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝကို လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်မြှင့်တင်သွားနိုင်မည့် နိုင်ငံတော်အကြီးအကဲ၏ အစီအမံစေတနာအမှန်ဖြစ်သည်ဟု တင်ပြလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအနေနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်ထားရှိပြီး ကိုယ်တိုင်ကိုယ်ကျဆွေးနွေးရန် EAO အဖွဲ့များကို ဖိတ်ခေါ်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံမှု ၁၀ ကြိမ်၊ ညှိနှိုင်းရေး အဖွဲ့များနှင့် ၇၆ ကြိမ် တွေ့ဆုံမှုရှိခဲ့ကြောင်း၊ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တွေ့ဆုံဆွေးနွေးမှုက တစ်ဆင့် တိုင်းရင်းသားများနှင့် တိုင်းရင်းသားဒေသများကို အခွင့်အရေးများပေးအပ်နိုင်ရန် ဆောင်ရွက်ရန်သာအဖြေရှိကြောင်း၊ တိုင်းရင်းသားများသည် ၎င်းတို့၏ အခွင့်အရေးများ၊ နစ်နာမှု များကို တရားဝင်နိုင်ငံရေးစင်မြင့်တွင် ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ပေးရမည်ဖြစ်ကြောင်း၊ ယင်းတို့ကိုပေးရန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလွှတ်တော်များသာဖြစ်ကြောင်း၊ တရားဝင်ပြောရေး ဆိုခွင့်ရှိသည့် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် လွှတ်တော်အသီးသီး၌ တိုင်းရင်းသားများ၊ လူထုလူတန်းစားများ၏ အလွှာအသီးသီးကို ကိုယ်စားပြု သည့်သူများ ပါဝင်နိုင်ရန်လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရန် လွှတ်တော်အသီးသီးတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရန် အလေးထားဆောင်ရွက်မှုသည် နိုင်ငံတော်အကြီးအကဲ၏ တိုင်းရင်း သားပြည်သူလူထုအပေါ်တွင် ထားရှိသည့် စိတ်ရင်းစေတနာထက်သန်မှုကို ဖော်ပြခြင်းဖြစ်ကြောင်း။

တွေ့ဆုံဆွေးနွေးရာမှတစ်ဆင့် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်သည်နှင့် ဖြစ်လိုသည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါ သဘောတူညီချက်များနှင့် အစိတ်အပိုင်း (၃)ပါဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့်ဇယား(၂) ပါအချက်များကို ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးက မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးအဆင့်တစ်ခုရောက်ရှိအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း၊ မိမိတို့အနေဖြင့် ဆွေးနွေးပြီးခဲ့သည့် EAO အဖွဲ့များနှင့်လည်း ဒုတိယအကြိမ်ဆွေးနွေးမှုများကို နောက်လတွင် ပြုလုပ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

(ဆက်လက်ဖော်ပြပါမည်)