Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်ကောင်စီနယ်မြေရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပြန်ကြားရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေရှိ လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) သို့ရောက်ရှိရာ တာဝန်ရှိသူများက သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုနှင့် အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။     

ထို့နောက် လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၏ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ကဆောင်ရွက်နေသည့် စာအုပ်ဖတ်ရှုလေ့လာ သုံးသပ်ဆွေးနွေးပွဲသို့သွားရောက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိပကတိအခြေအနေများနှင့် လိုက်ပါဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးပြီး လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား) က ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်ရုံသို့ ရောက်ရှိရာ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေပြည်တော် ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၏ စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးရဲတင့်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် နေပြည်တော်ပုံနှိပ်စက်ရုံအတွင်း တပ်ဆင်ထားသည့် ပုံနှိပ်စက်များ၊ စက္ကူနှင့်ဓာတုပစ္စည်းများ သိုလှောင်ထား ရှိမှု၊ စက္ကူဖြတ်စက်၊ စာအုပ်ချုပ် စက်နှင့်ကော်ကပ်စက်များကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ နေပြည်တော်သတင်းစာတိုက်ရှိ ဘိုးဝဇီရခန်းမ၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ် ဇင်းလုပ်ငန်းတို့မှ အရာထမ်းများအား တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အမှာစကားပြောကြားကာ နေ့စဉ်ထုတ်သတင်းစာများရိုက်နှိပ်သည့် ပတ်လည်ပုံနှိပ်စက်ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ကလေးစာဖတ်ခန်း၌ ကျောင်းသား ကျောင်းသူများ ဆေးရောင်ရေးခြယ်နေမှုကို ကြည့်ရှုအားပေးကာ လက်ဆောင်ပစ္စည်းများပေးအပ်၍ စာကြည့်တိုက်အတွင်း၌ ပြည်သူများ လာရောက်စာပေဖတ်ရှုနေမှု၊ စာကြည့်တိုက်အတွင်း စာအုပ်များစနစ်တကျထားရှိမှု၊ ပြတိုက်ငယ်အတွင်း၌ ရှေးရိုးရာအသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Conference Room ၌ အရာထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ဖျော်ဖြေရေး၊ ပညာပေးရေးနှင့် သတင်းအစီအစဉ်များ တင်ဆက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ထုတ်လုပ်ရေးမှူးများ၏ အခြေခံကျွမ်းကျင်မှုသင်တန်းပို့ချနေမှုကို ကြည်ရှုပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် Auditorium ခန်းမ၌ သတင်းဖတ်ကြားသူ၊ အစီအစဉ်တင်ဆက်သူနှင့် အခမ်းအနားမှူးသင်တန်းများဖွင့်လှစ်၍ လျာထားရွေးချယ်ထားရှိသူများအား တွေ့ဆုံအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Aircon Chiller တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဧည့်သည်များ တည်းခိုနေထိုင်မည့် ရွှေတောင်ကုန်း ဧည့်ရိပ်သာပြင်ဆင်ထားရှိမှုကို သွားရောက်ကြည့်ရှုသည်။

ဆွေးနွေးမှာကြား

ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဆွေးနွေးမှာကြားရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာနလုပ်ငန်းများကို ယခုထက်သွက်လက်ထက်မြက်စွာ ဆောင်ရွက်ရန်လိုကြောင်း၊ စာကြည့်တိုက်များတွင် စာအုပ်၊ စာစောင် ငှားရမ်းပေးရုံလောက်ဖြင့် ကျေနပ်မနေဘဲ ပြည်သူများအသိပညာမြင့်မားစေရေးအတွက် နည်းလမ်းများစွာ ရှာဖွေလုပ်ဆောင်ရန်လိုကြောင်း၊ လူထုအခြေပြုဗဟိုဌာနများတွင် ပြည်သူများ အကျွမ်းတဝင်ဝင်ထွက်သွားလာနိုင်ရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များကို စီစဉ်ပေးသင့်ကြောင်း။

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေသည့် စာအုပ်စာစောင်များသည် အရည်အသွေးကောင်းမွန်ရန်၊ ဈေးနှုန်းသက်သာရန်၊ အချိန်မီပြီးစီးရန်လိုအပ်ကြောင်း၊ အလေအလွင့်မရှိစေရန်၊ ဝင်ငွေပိုမိုတိုးတက်ရရှိစေရန်၊ နိုင်ငံတော်နှင့်ဌာနအတွက် အကျိုးရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

တိုးတက်ကောင်းမွန်

နေ့စဉ်ထုတ်သတင်းစာများ၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရပိုင်း တိုးတက်ကောင်းမွန်လာသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံတော်အစိုးရက ချမှတ်သည့်မူဝါဒများကို ရေးသားဖော်ပြရာတွင် ပြည်သူများစိတ်ဝင်စားမှုရှိလာစေရန်၊ ဖတ်ရှုချင်စိတ်ဖြစ်ပေါ်လာစေရန် စာသားအသုံးအနှုန်းများနှင့် တင်ပြပုံများ လေ့လာပြောင်းလဲရန်နှင့် ပြည်သူများအား မှန်ကန်သည့်သတင်းအချက်အလက်ပေးနိုင်ရန် လိုအပ်ကြောင်း။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အခန်းကဏ္ဍသည်အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာဖြစ်၍ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးစား အားထုတ်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်