နေပြည်တော် ဩဂုတ် ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိသည့် ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုးနှံနိုင်သော Sinopharm နှင့် Myancopharm ဆေးများကို ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ၅၄၉၆၀ လုံးနှင့် ဆေးထိုးအပ် ၅၇၀၆၀၀ ချောင်း၊ သံတွဲမြို့သို့ Sinopharm ၂၄၆၀ လုံးနှင့် ဆေးထိုးအပ် ၂၅၀၂၀၀ ချောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ Sinopharm ၈၁၆၀ လုံး၊ Myancopharm ၁၉၄၅၂ လုံးနှင့် ဆေးထိုးအပ် ၁၅၆၆၀၀ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ဆေးထိုးအပ် ၃၃၈၀၀ ချောင်း၊ ချင်းပြည်နယ်၊ တီးတိန်မြို့သို့ ဆေးထိုးအပ် ၃၀၇၀၀ ချောင်း၊ ဖလမ်းမြို့သို့ ဆေးထိုးအပ် ၈၄၀၀ ချောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ဆေးထိုးအပ် ၈၄၆၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးသည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။